ကချင်ဘာသာရေးခေါင်းဆောင် ၂ ယောက်ကို ပြန်လွှတ်ဖို့ HRW နဲ့ Fortify Rights တောင်းဆို


2017.07.25
two-kbc-622.jpg တပ်မတော်က ဖမ်းဆီးထားတဲ့ ဦးဒီဒီနောင်လတ်နဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ၂ ယောက်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ HRW နဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့က ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကချင်နှစ်ချင်းခရစ်ယာန်အသင်း KBC ရဲ့ လက်ထောက်သင်းအုပ်ဆရာ ဒွန်ဒေါ် နောင်လတ်နဲ့ လူငယ်ခေါင်းဆောင် လန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးဟာ အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား မုန်းကိုးမြို့တိုက်ပွဲအတွင်း သတင်းထောက်တွေကို လိုက်လံပို့ဆောင်ခဲ့မှုနဲ့ ၂ဝ၁၆ ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရတာလို့ ကြေညာချက် မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အရပ်သားတွေကို ဖိနှိပ်ခြိမ်းခြောက်နေပြီး၊ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူတွေကို ဖမ်းဆီး အရေးယူနေတဲ့အကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ ဒီလုပ်ရပ်တွေ ကို ရပ်တန်းကရပ်ဖို့နဲ့ ကချင်ဘာသာရေးခေါင်းဆောင် ၂ ယောက် အပေါ် စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

သူတို့ နှစ်ဦးကို မတရားသင်းဆက်သွယ်မှု- ပုဒ်မ ၁၇/၁၊ လိုင်စင်မဲ့ဆိုင်ကယ်ပိုင်ဆိုင်မှု- သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားပြီး၊ မနက်ဖြန် ဇူလိုင်လ ၂၆ ရက်နေ့ကျရင် လားရှိုးမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။