ကချင်သင်းအုပ်ဆရာ နှစ်ဦးအမှု အမိန့်ချမည်


2017.10.26
two-kbc-622.jpg တပ်မတော်က ဖမ်းဆီးထားတဲ့ ဦးဒီဒီနောင်လတ်နဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ထောက်ပံ့ပေးတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ် ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ရဲ့ အမှုကို မနက်ဖြန် လားရှိုးမြို့နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မုံးကိုးမြို့မှာ သတင်းလာယူတဲ့ သတင်းထောက်တွေကို လိုက်လံပို့ဆောင်အပြီးမှာ တပ်မတော်က ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။

တပ်မတော်က ဦးဒီဒီနောင်လတ်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ စတာတွေနဲ့ တရားစွဲထားတာဖြစ်ပြီး ဦးလမ်ဂျော်ဂမ်ဆိုင်းကိုတော့ မတရားအသင်း ဆက်သွယ်မှု တစ်ခုတည်းနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ကလည်း သူတို့ နှစ်ဦးစလုံးကို လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ဆိုင်လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲဆိုထားပါတယ်။

တပ်မတော်ဘက်ကတော့ သူတို့ဟာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ သတင်းပေးတာ၊ လူသစ်စုဆောင်းတာနဲ့ မဟုတ်မမှန် ဝါဒဖြန့်တာတွေ ပြုလုပ်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ပါတယ်။

ဦးလမ်ဂျော်ဂမ်ဆိုင်းနဲ့ ဦးဒီဒီနောင်လတ်တို့နှစ်ဦးကို ၂၀၁၇ ဇန်ဝါရီတစ်ရက်နေ့မှာ မုံးကိုးတိုက်ပွဲကာလအတွင်း အဲဒီဒေသမှာ တာဝန်ကျတဲ့ တပ်မတော် တပ်မ ၉၉ က ဗိုလ်မှူးကျော်ဇင်ထွန်းက တရားလိုလုပ်ပြီး မူဆယ်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မူဆယ်တရားရုံးကနေ ၂၀၁၇ မေလမှာ လားရှိုးမြို့နယ်တရားရုံးကို ပြောင်းရွှေ့ခဲ့ပြီး စစ်ဆေးခဲ့ပါတယ်။

သူတို့ နှစ်ဦးကို ပြန်လွှတ်ပေးဖို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ HRW နဲ့ Fortify Rights အဖွဲ့တွေက ၂၀၁၇ ဇူလိုင်လအတွင်းမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။