ကချင် သင်းအုပ်ဆရာ နှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်
2017.10.27
မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို ဒီနေ့ လားရှိုးမြို့နယ်တရားရုံးက ထောင် ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ဦးဒီဒီနောင်လတ်ကို မတရားအသင်း ဆက်သွယ်မှုအပါအဝင် ပုဒ်မ ၃ ခုအရ ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်လိုက် တာဖြစ်ပြီး ဦးလမ်ဂျော်ဂမ်ဆိုင်းကိုတော့ မတရားအသင်း ဆက်သွယ်မှုအပါအဝင် ပုဒ်မ ၂ ခုအရ ထောင်ဒဏ် ၂ နှစ် ၃ လ ချမှတ်လိုက်တာ ဖြစ်တယ်လို့ သူတို့နှစ်ဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အောင်ခမ်းမိုင် ကပြောပါတယ်။
ဦးဒီဒီနောင်လတ်နဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ နှစ်ယောက်စလုံးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်စီ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်တာဖြစ်ပြီး ဦးဒီဒီနောင်လတ် တစ်ဦးတည်းကိုတော့ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ အရ ထောင်ဒဏ် ၂ နှစ် ထပ်ပြီး ချမှတ်လိုက် တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို လိုက်လံပို့ဆောင်အပြီးမှာ တပ်မတော်က ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။
တပ်မတော်ဘက်ကတော့ သူတို့ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ သတင်းပေးတာ၊ လူသစ် စုဆောင်းတာနဲ့ မဟုတ်မမှန် ဝါဒဖြန့်တာတွေ ပြုလုပ်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ပါတယ်။
ဦးလမ်ဂျော်ဂမ်ဆိုင်းနဲ့ ဦးဒီဒီနောင်လတ် တို့နှစ်ဦးကို ၂၀၁၇ ဇန်ဝါရီတစ်ရက်နေ့မှာ မုံးကိုးတိုက်ပွဲ ကာလအတွင်း အဲဒီဒေသမှာ တာဝန်ကျတဲ့ တပ်မတော် တပ်မ ၉၉ က ဗိုလ်မှူးကျော်ဇင်ထွန်းက တရားလိုလုပ်ပြီး မူဆယ်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။