ချောင်းဦး ကံမရွာမှာ မီးရှို့ခံထားရတဲ့ အလောင်းနှစ်ခုတွေ့၊ ရွာသား ၆၀ နီးပါး ဖမ်းဆီးခံထားရဆဲ

RFA Burmese
2023.05.28
ချောင်းဦး ကံမရွာမှာ မီးရှို့ခံထားရတဲ့ အလောင်းနှစ်ခုတွေ့၊ ရွာသား ၆၀ နီးပါး ဖမ်းဆီးခံထားရဆဲ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Chaung U Revolution

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံမရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း နှစ်ခုကို မေလ ၂၈ ရက် ဒီနေ့မနက်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မေလ ၂၇ ရက် မနေ့က ဖမ်းဆီးခံထားရတဲ့ ကံမရွာသား ၆၀ နီးပါးလည်း ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ တွေ့ရတဲ့ သတ်ဖြတ်ခံရသူတွေဟာ ဘယ်သူတွေလဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇာနည်သိန်းက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ကံမရွာထဲမှာပဲ ရှိသေးတယ်ဗျ။ ရွာထဲမှာ ရုပ်အလောင်းနှစ်ခု မီးရှို့သတ်ထားတာ တွေ့ပါတယ်။ စစ်ကြောင်းကရွာထဲမှာပဲရှိသေးတော့ ကာကွယ်ရေးအဖွဲ့တွေလည်း သိပ်ပြီးအထဲမဝင်နိုင်သေးဘူး။ အရပ်သားတွေကိုလည်း ဘယ်မှာဖမ်းထားလဲဆိုတာ မသိရသေးဘူး”

ဖမ်းဆီးခံရတဲ့ အရပ်သား ၆၀ နီးပါးဟာ စစ်ကောင်စီတပ် ရွာထဲဝင်လာချိန် ထွက်ပြေးချိန်မရလိုက်ဘဲ ကျန်နေခဲ့တဲ့သူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

ကံမရွာအနီးက နတ်ရေကန်ရွာမှာလည်း အထိုင်စစ်ကြောင်းတစ်ခုရှိနေတာကြောင့် ကံမရွာကိုဝင်လာတဲ့ စစ်ကောင်စီတပ်အင်အားဟာ တစ်ရာနီးပါးလောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကို သတ်ဖြတ်၊ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ချောင်းဦးမြို့နဲ့ ၁၀ မိုင်ဝေးတဲ့ ကံမရွာနဲ့ နတ်ရေကန်ရွာအနီးမှာ မေလ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း တစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ၁၈,၄၀၇ ဦးဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။