ကောလင်းမြို့တိုက်ပွဲ ကာကွယ်ရေးအဖွဲ့ဝင် ရှစ်ဦးနဲ့ ဒေသခံ နှစ်ဦး သေဆုံး

2022.09.14
ကောလင်းမြို့တိုက်ပွဲ ကာကွယ်ရေးအဖွဲ့ဝင် ရှစ်ဦးနဲ့ ဒေသခံ နှစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Kawlin Revolution-KR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရိုးတောင်ဘေးမှာရှိတဲ့ ဇီးကုန်းရွာနဲ့ အင်ပင်သာရွာ အနီးမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ရှစ်ဦးနဲ့ ဒေသခံ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Kawlin Revolution-KR အဖွဲ့ကလည်း အဲဒီတိုက်ပွဲမှာ ကောလင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ဘက်က အဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သား နှစ်ဦးကိုတော့ စစ်ကောင်စီတပ်သားတွေ ပစ်သတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၁၂ရက်က တိုက်ပွဲ မနက်ပိုင်းကစတယ်။ ဇီးကုန်းရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံ အမျိုးသားနှစ်ဦး အမျိုးသမီး တစ်ဦးရှိတယ်။ အဲဒီအထဲက အမျိုးသားနှစ်ဦးကို ပစ်သတ်သွားတာပါ၊ အမျိုးသမီးကိုတော့ လွှတ်ပေးတယ်လို့ သိထားတယ်"

ပစ်သတ်ခံလိုက်ရတဲ့ ဒေသခံနှစ်ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ အလယ်တန်းပြ ကျောင်းဆရာ ကိုချမ်းသာနဲ့ ကိုသိန်းဇော် (ခေါ်) ငသိန်းတို့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင် စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားထာမျိုး မတွေ့ရသေးပါဘူး။

NLD ပါတီရဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ကိုနေဇင်လတ်ကတော့ အင်အား ၈၀ နီးပါးရှိတဲ့ ခမရ (၁၁၃) စစ်ကြောင်းဟာ ကန့်ဘလူ ကိုးထောင်ဘို့ရွာကနေ ပြန်ထွက် သွားပြီး ကောလင်းမြို့နယ် ဇီးကုန်းရွာနားမှာ တိုက်ပွဲဆက်ဖြစ်တာလို့ RFA ကို ပြောပါတယ်။

"တိုက်ပွဲ တစ်ခါဖြစ်ရင် ဘေးက ရွာငါးရွာကနေ ဆယ်ရွာအထိ ဒေသခံတွေ စစ်ဘေး ရှောင်ရပါတယ်။ စစ်ကောင်စီက ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ဖို့ ပြင်နေတာ"

ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်ဘက်က အင်တာနက်လိုင်းရော ဖုန်းလိုင်းပါ ဖြတ်တောက်ပြီး ထိုးစစ်ဆင်နေတာကြောင့် အဲဒီမြို့နယ်တွေက ဒေသခံ လေး သောင်းနီးပါးကတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာ ကြာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။