နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဆယ်သေဆုံး

RFA Burmese
2024.09.07
နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဆယ်သေဆုံး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအား တွေ့ရစဥ်။
Citizen Photo

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း စစ်ကောင်စီက တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အယောက်လေးဆယ်သေဆုံးပြီး လေးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်ဟာ ရှမ်း၊ ကရင်နီ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီအထဲမှာ စက်တင်ဘာ ၆ ရက်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှာလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၁၁) ဦး သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင့် စက်တင်ဘာ ၅ ရက်နေ့ကလည်းရှမ်း-ကရင်နီပြည် အစပ် ဖယ်ခုံ မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေး ခုနစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အပြစ်မဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ရေးသားထားပါတယ်။

ဆေးရုံဆေးခန်းတွေ၊ ကျောင်းတွေ၊ အရပ်သားနေအိမ်တွေ၊ ဈေးတွေ၊ ဘာသာရေးအ‌ဆောက်အအုံတွေ စတာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း ဆိုပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်းလည်း ရေးသားထားပါတယ်။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်နေတဲ့ စစ်ကောင်စီကို စစ်ရာဇဝတ်ကောင်တွေ၊အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိတဲ့အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားသိရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။