ပုလောမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

RFA Burmese
2023.06.04
ပုလောမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
We Love Palaw

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မင်းထိန်ရွာမှာ ဇွန်လ ၁ ရက်နေ့လယ်က နေအိမ်တစ်ခု ပေါ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ပုလောဒေသခံတွေက RFA ကို ပြောပါတယ်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ပြန်ကြားရေးတာဝန်ခံကလည်း တိုက်ပွဲဖြစ်ခဲ့တာမရှိဘဲ ပဝတ်ကုန်းရွာဘက်ကနေ မင်းထိန်ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“လက်နက်ကြီးက အိမ်ပေါ်ကိုကျသွားတာ။ အိမ်ထဲမှာနေတဲ့ အရပ်သားလေးဦးမှာ နှစ်ဦးသေဆုံးတယ်။ တစ်ဦးဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်နေတာမရှိဘူး”

အသက် ၅၂ နှစ်အရွယ် ဒေါ်ငွေရှင်က လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့သလို အသက် ၁၀၂ နှစ်အရွယ် နာမကျန်းဖြစ်နေသူ အဘွား ဒေါ်မိကြည်ကတော့ လက်နက်ကြီး ပေါက်ကွဲသံကြောင့် ထိတ်လန့်ပြီး သေဆုံးတာလို့ ဆိုပါတယ်။

အသက် ၁၅ နှစ်အရွယ် မောင်သားချစ်ကတော့ ပေါင်မှာလက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို့ စစ်ကောင်စီရဲ့တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မြိတ်-ပုလော ကားလမ်းမကြီးအနီးမှာရှိတဲ့ မင်းထိန်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် မတ်လကလည်း မင်းထိန်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးခဲ့သလို PDF ဘက်ကတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သား ၃,၆၁၄ ဦးအထိရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။