မုန်တိုင်းမိ ရေလုပ်သားတွေ အတော်များများ သတင်းအစအန မရ
2011.05.05
ကုလားထိပ်ရွာက ပျောက်နေတဲ့ ရေလုပ်သားက စုစုပေါင်း ၈ ယောက်ဖြစ်ပြီး ခုချိန်ထိ သတင်းအစအန မရသေးသလို၊ အာဏာပိုင်တွေ တာဝန်ရှိသူတွေကလည်း ထိထိရောက်ရောက် ရှာဖွေ ကယ်ဆယ်ပေးတာ မရှိဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ပျောက်နေသေးတဲ့ ရေလုပ်သားတွေထဲက မိသားစုဝင်တဦးက အခုလို ပြောပါတယ်။
“သူတို့ လေတိုက်ပြီး ည ၂ ချက်လောက်ကို အဲဒီ ဖောင်ပျက်ပြီး မျောသွားတယ်တဲ့။ အဲဒီ မျောသွားတာပဲ သိလိုက်တော့တာတဲ့၊ နောက်ပိုင်းကို ရှာလို့ကို မတွေ့တော့တာလို့ လိုက်ပြီးတော့ တိုင်ကြားထားတာ အဲဒီလောက်ပဲ ရှိသေးတာပေါ့။ အဲဒီမှာ ပျောက်နေတာတော့ အကုန်လုံး ၈ ယောက်ပဲ ကုလားထိပ်က လူချည်းပဲ။”
အဲဒီလေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သား ၁ သောင်းကျော် ၂ သောင်းနီးပါးထိ ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ရေလုပ်သားတွေ ပျောက်ဆုံးနေသလို လုပ်ငန်းသုံး ဖောင်တွေ၊ ငါးဖမ်းပိုက်တွေလည်း အကြီးအကျယ် ဆုံးရှုံးကြတယ်လို့ သိရပါတယ်။
ပင်လယ်ထဲ မျောသွားသူတွေထဲမှာ တချို့ကို ထိုင်းငါးဖမ်းသင်္ဘောတွေက ကယ်ဆယ်လို့ ပြန်ရောက်ကြသူတွေ ရှိသလို တချို့လည်း အိမ်နီးချင်းနိုင်ငံတွေအထိ ရောက်သွားသူတွေ ရှိပါတယ်။ ဒါပေမဲ့ ခုချိန်ထိ သတင်းအစအန မရကြသူတွေအတွက် အသက်ဆုံးရှုံးကြပြီလို့ ကျန်ခဲ့တဲ့ မိသားစုတွေက ခန့်မှန်းနေ ကြပါတယ်။