စစ်ကောင်စီ ရွေးကောက်ပွဲ ထောက်ခံပံ့ပိုးတာမလုပ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
2024.08.27
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်တာကြောင့် ထောက်ခံ ပံ့ပိုးတာမလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ဒုက္ခတွေသာ ရှည်ကြာစေမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဩဂုတ် ၂၆ ရက်နေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ စစ်တပ်ရဲ့ အဆက်မပြတ် ဆိုးရွားတဲ့လုပ်ရပ်တွေကြောင့် အလုံးစုံပျက်သုန်း နေပြီဖြစ်ကြောင်း၊ စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေပြီး၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဒုက္ခဆင်းရဲ ရောက်နေရတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အဆိုးရွားဆုံး ဒုက္ခခံစားနေကြရတယ်လို့လည်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဒုက္ခဆင်းရဲ ချုပ်ငြိမ်းစေဖို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ လျှောက်လှမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကူညီထောက်ပံ့မှုလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အေးချမ်းသာယာမှု ထူထောင်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိတာကြောင့် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ဖျက်တာတွေလည်း ရွေးကောက်ပွဲကော်မရှင်က ဆက်တိုက်လုပ်နေပါတယ်။