ဆရာတော် ဦးသောဘိတ ပျောက်ဆုံးမှု ဒီမိုကရေစီရေးလှုပ်ရှားသူတွေ စိုးရိမ်
2023.06.29
မန္တလေးမြို့ အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာကြောင့် ဆရာတော်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဆရာတော်ဦးသောဘိတဟာ ထောင်ဒဏ်လေးနှစ်ချခံထားရပြီး ထောင်ဒဏ်လျော့ပေါ့ရက်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ထောင်ကနေ လွတ်ရမှာဖြစ်ပေမဲ့ မလွတ်လာဘဲ စစ်ကောင်စီက အိုးဘိုထောင်ကနေ ခေါ်ထုတ်သွားတယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
လွတ်ရက်စေ့ပြီး မလွတ်လာတဲ့အခြေအနေကို မိသားစုက အိုးဘိုထောင်ဝန်ထမ်းတွေကို မေးမြန်းခဲ့ပေမဲ့ ဘာမှမပြောဘဲ သတင်းအမှောင်ချထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆရာတော်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာလို့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ဒေါက်တာတေဇာစန်းက ပြောပါတယ်။
“ဆရာတော်က အိုးဘိုထောင်ထဲမှာလည်းမရှိတော့ဘူး။ ဆရာတော်ကို ထောင်အာဏာပိုင်တွေက တစ်နေရာကို ခေါ်ထုတ်သွားတယ်။ ဆရာတော် ဘယ်ရောက်နေပြီဆိုတာလည်း မသိရဘူး။ ဆရာတော်ရဲ့အသက်အန္တရာယ်အတွက် ကျွန်တော်တို့ အထူးစိုးရိမ်နေကြပါတယ်။ ဒီအရေးကို နိုင်ငံတကာကရော၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကရော ကူညီနိုင်သလောက် ကူညီအသံထုတ်ပေးကြဖို့ အနူးအညွတ်တောင်းဆိုပါတယ်”
အိုးဘိုထောင်ကခေါ်ထုတ်သွားပြီး ဆရာတော်ဘယ်နေရာမှာ ရှိနေတယ်ဆိုတာမသိရဘဲ သတင်းအချက်အလက်အမှောင်ချထားတာဟာ နိုင်ငံတကာ ရာဇဝတ်မှုကို ကျူးလွန်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဆရာတော် ဦးသောဘိတ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို မေမြန်းဖို့ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဆရာတော် ဦးသောဘိတကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကျောင်းတိုက်မှာ ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ထောင်ဒဏ်နှစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံလိုက်ရပါတယ်။
နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ကလည်း ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ဇွန်လ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမှာပါဝင်တဲ့ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့က ဆရာတော် ဦးဝါယမကတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေအတွက် ရပ်တည်ပြောဆိုပေးတာမရှိဘူးလို့ ပြောပါတယ်။
“မဟန အနေနဲ့ အမှန်တရားလုပ်တဲ့ ရဟန်းတွေအတွက် ရပ်တည်တာ၊ ပြောဆိုတာ မရှိဘူးပေါ့။ တိုင်းပြည်မှာ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ ရဟန်း သံဃာတော်တွေအတွက် ဘယ်လိုမှမလုပ်သင့်ပါဘူးလို့ အာဏာရူးတွေကို မေတ္တာရပ်ခံစာ ထုတ်ပြန်စာတောင်မရှိခဲ့ပါဘူး”
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သံဃာတော်အပါး ၄၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သံဃာအရေအတွက်ကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။