Media Top 4 သတင်းထောက် ဦးသူရိန်ကျော် အလုပ်နဲ့ထောင် ၁၀ နှစ်ချခံရ

RFA Burmese
2023.01.01
Media Top 4 သတင်းထောက် ဦးသူရိန်ကျော် အလုပ်နဲ့ထောင် ၁၀ နှစ်ချခံရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ဦးသူရိန်ကျော်။
Citizen Journalist

ပြည်တွင်းအခြေစိုက် Media Top 4 သတင်းဌာနတည်ထောင်သူ သတင်းထောက် ဦးသူရိန်ကျော်ကို စစ်ကောင်စီရဲ့ မရမ်းကုန်းခရိုင်တရားရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အလုပ်နဲ့ ထောင် ၁၀ နှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးသူရိန်ကျော်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလအတွင်းက အင်းစိန်မြို့နယ်၊ အောင်ဇေယျ အိမ်ရာထဲမှာ ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၄၉ (က) နဲ့ တရားစွဲ ဆိုခံခဲ့ရတာပါ။

ဖမ်းဆီးခံရချိန်က ခိုင်လုံတဲ့သက်သေအထောက်အထားမတွေ့ရဘဲ အမိန့်ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဇန်နဝါရီလ ၁ ရက် ဒီကနေ့မှာ ပြောပါတယ်။

“ကိုသူရိန်ကျော်ကို စွပ်စွဲဖမ်းဆီးတုန်းက သူနေတဲ့တိုက်ခန်းမှာ ပွိုင့် ၂၂ ကျည် လေးတောင့်နဲ့ လက်လုပ်မိုင်း ၁၅ လုံးတွေ့ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့တရားစွဲတာပေါ့။ အမှုမှာတော့ ကိုသူရိန်ကျော်ကို ဝင်ရောက်ဖမ်းဆီးချိန်တုန်းက အဲဒါတွေ တကယ် လက်ဝယ် တွေ့ပါတယ်၊ မျက်မြင်တွေ့ပါတယ်ဆိုတဲ့ သက်သေတိတိကျကျမရှိဘူး”

သူနေထိုင်တဲ့အခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးချိန်မှာ ဦးသူရိန်ကျော် အပါအဝင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၀င်တွေနဲ့ ဥပဒေအရာရှိတွေပါ ပါ၀င်ပြီး ရှာဖွေစစ်ဆေးရမှာဖြစ်ပေမယ့် စစ်ကောင်စီတပ်သားတွေသာ ဝင်ရောက်ရှာဖွေခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အခုလို အမိန့်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ အယူခံဝင်မယ် မဝင်ဘူးဆိုတာတော့ မသိရ သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ဦးသူရိန်ကျော်ရဲ့ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပဲ သတင်းသမားခုနစ်ဦး ထောင်ချခံရသလို ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျလည်း ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေးမှာ သေဆုံးခဲ့သလို သတင်းသမား ၁၅၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအထဲက သတင်းသမား ၉၅ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၅၅ ဦးကတော့ အကျဉ်းထောင်တွေထဲမှာပဲ ကျန်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။