သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုပြင်ဆင်ချက်များ တရားလွှတ်တော်ချုပ် စစ်ဆေးမည်

2022.11.10
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုပြင်ဆင်ချက်များ တရားလွှတ်တော်ချုပ် စစ်ဆေးမည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထောင်ဒဏ်တွေချမှတ် ထားတဲ့ အမှုတွေထဲက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ရာဇဝတ်ပြင်ဆင်မှု တက်ထားတဲ့ ၁၀ မှုကို လက်ခံစစ်ဆေးဖို့ နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာ လက်ခံလိုက် တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုတွေထဲမှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ အမှု သုံးမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တစ်မှု ပါဝင်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ တစ်မှု၊ ပို့ကုန် သွင်းကုန် ဥပဒေ တစ်မှုနဲ့ နေပြည်တော် လရောင်တော အသက်မွေးပညာသင်တန်းကျောင်း ဆောက်ဖို့ မြေနေရာရယူတာ စတဲ့ အမှု လေးမှု တို့နဲ့ ထောင်ဒဏ်ချမှတ်ထားတဲ့ အမှုတွေ လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လက်ခံစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ စစ်ကောင်စီဘက်က တရားလိုအနေနဲ့ ရာဇဝတ်ပြင်ဆင်မှုတက်ထားတဲ့ အမှုတွေ ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဆက်လက်စစ်ဆေးဖို့ လက်ခံခဲ့ပါတယ်။

အဲဒီအမှုတွေကတော့ နေပြည်တော် လရောင်တော အသက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်ဖို့ မြေနေရာ ရယူတာနဲ့ ပတ်သက်လို့ အမိန့်ချမှတ်ပြီး ဖြစ်တာကြောင့် အဲဒီမြေနေရာ အဆောက်အုံနဲ့ ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းယူသင့်တယ်ဆိုပြီး ပြင်ဆင်ချက် တင်သွင်းထားတာပါ။

အခု လက်ခံခဲ့တဲ့ အမှု ၁၀ အပြင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာတွေ လက်ခံရယူခဲ့တဲ့ဆိုတဲ့အမှု စွဲချက်တင်ခဲ့တာကို ပယ်ဖျက် သင့်ကြောင်း ပြင်ဆင်မှုတက်တဲ့ အမှုနှစ်မှုကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံခဲ့ပါဘူး။

ဦးမောင်ဝိတ်နဲ့ ပတ်သက်လို့ စွဲထားတဲ့ အမှုနှစ်မှုမှာ တစ်မှုက စစ်ကောင်စီရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမေရိကန် ဒေါ်လာပမာဏ သုံးသိန်းလက်ခံ ရယူတယ်ဆိုပြီး တရားစွဲခဲ့တာပါ။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ် ခံထားရသလို ကျန်နေတဲ့အမှုတွေအတွက်လည်း နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။


ဦးမောင်ဝိတ်ကိုယ်တိုင် တရားရုံးမှာ လာရောက်ထွက်ဆိုစဉ်မှာတော့ ဒေါ်လာ နှစ်သိန်းခွဲသာ ပေးခဲ့ တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ကြားထဲမှာ ဒေါ်လာငါးသောင်းပျောက်နေတာကြောင့် အဲဒီကိစ္စကို ပြန်လည်စစ်ဆေးပေးဖို့ စစ်ကောင်စီဘက်က နိုင်ငံတော်အနေနဲ့ ပြင်ဆင်မှုတက်ထားတဲ့အမှုကို လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။