ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို ပြည်ဝင်ဗီဇာ ထုတ်မပေးတဲ့အပေါ် ဦးဝင်းတင် ပြစ်တင်ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Eris ကို ခုချိန်ထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးတာ ဟာ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ရုံသာမက မြန်မာ့နိုင်ငံရေးတိုးတက်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက် တွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2010.11.21
suu_kyi_kim_micheal_sakarov_305_z.png ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်က ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ဥရောပ ပါလီမန်တွင် ၁၉၉၁ ဇူလိုင် ၁၀ ရက်နေ့က လက်ခံယူနေပုံ ဖြစ်ပါသည်။ နောက်တွင် ရပ်နေသူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း ဒေါက်တာ မိုက်ကယ် အဲရစ် ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

“ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်လို့ သူ့ကို ဗီဇာ မပေးဘူးဆိုတာ တမျိုး။ ခုဟာက လွှတ်ပြီဆိုရင်တော့ တကယ်လို့ အပေါ်ပိုင်းကလူတွေ မသိဘူး ဆိုလို့ရှိရင်လည်း သားနဲ့ အမေ တွေ့ဆုံရေးကိုတော့ လုပ်ပေးဖို့ ကောင်းတယ်။ အဲဒီလိုဆိုရင် ဘာကို ပြသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အစိုးရဟာ လိုက်လျောမှု လုပ်မယ်၊ ပြေပြေလည်လည် ဆက်ဆံမှု လုပ်မယ်၊ သို့မဟုတ် စာနာထောက်ထားမှုတွေ ရှိတယ်ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေက တော်တော်ကင်းတယ်၊ အဲဒီကင်းနေတာတွေက နိုင်ငံရေးအားဖြင့်လည်း မကောင်းဘူး၊ လူမှုရေးအားဖြင့်လည်း မကောင်းဘူး။ ကျနော် အဲဒီလိုပဲ သဘောထားတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကို ရက်အနည်းငယ်အတွင်း ဗီဇာ ထုတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဝင်းတင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း က စပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့် လုံးဝ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။