စစ်ကောင်စီ UEC နဲ့ နိုင်ငံရေးပါတီတွေ မကြာခင်တွေ့ဆုံဖို့ရှိ

RFA Burmese
2024.08.21
စစ်ကောင်စီ UEC နဲ့ နိုင်ငံရေးပါတီတွေ မကြာခင်တွေ့ဆုံဖို့ရှိ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံခဲ့စဉ်။
UEC

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ လာမဲ့ ဩဂုတ်လ ၂၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံရေးပါတီတွေက RFA ကို ပြောပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ လာမဲ့ အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းကောက်ယူတာနဲ့ ရွေးကောက်ပွဲ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်ခြေရှိတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။

“အောက်တိုဘာမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်။ ဒါကရွေးကောက်ပွဲအတွက်လည်း အရေးပါ တယ်။ အဓိကတော့ ရွေးကောက်ပွဲက လုပ်မယ်လို့ပြောထားပြီးပြီဆိုတော့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းဆွေးနွေးကြမယ်ထင်ပါတယ်”

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ဘာတွေဆွေးနွေးကြမယ်ဆိုတာ အသေးစိတ် မသိရပေမဲ့လို့ သန်းခေါင်စာရင်းအခြေခံပြီး မဲစာရင်းမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်း ဆောင်ရွက်မဲ့အခြေအနေ၊ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်မဲ့အခြေအနေတွေအတွက် တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေအရ ရွေးကောက်ပွဲတစ်ရပ် လုပ်ရမယ်ဆိုတဲ့အပေါ် အခြေခံမဲစာရင်းပြုစုတာ၊ နောက်တစ်ခုက အရေးပေါ်ကာလသက်တမ်းကုန်မဲ့ ၂၀၂၅ ဇန်နဝါရီနောက်ပိုင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ ပြည်သူ၊ အမျိုးသားနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ကြဖို့ ဆွေးနွေးမလားပေါ့နော်”

နေပြည်တော်မှာလုပ်မဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့်ပြုချက်ရထားတဲ့ နိုင်ငံရေးပါတီ အားလုံးတက်ရောက်ကြမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၅၁ ပါတီကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ပြုထားပါတယ်။

လာမဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးမယ်လို့ စစ်ကောင်စီကပြောထားပြီး ရွေးကောက်ပွဲမှာ အီလက်ထရွန်နစ်မဲပေးစက် (MEVM) ကို အသုံးပြုနိုင်ဖို့လည်း ပြီးခဲ့တဲ့နှစ်ကစလို့ စစ်ကောင်စီ ထိန်းချုပ်ဒေသတချို့မှာ အသိပညာပေးမှုတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။