သံဃာတွေကို ဦးထင်လင်းဦး ရဲ့ဇနီးသွားရောက်တောင်းပန်


2014.12.31
uhtinlinoo-305.jpg စာရေးဆရာ ဦးထင်လင်းဦးကို မုံရွာ အကျဉ်းထောင်သို့ ပို့ဆောင်စဉ်။
Photo: Kyaw Moe Hlaing facebook

သာသနာညိုးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံး မှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြ သက်သေ တစ်ဦးဖြစ်တဲ့ သုံးပန်လှစံပြကျေးရွာက ကျေးရွာအုပ် ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

တရားရုံးချိန်းမှာ တရားလိုပြသက်သေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ထွက်ဆိုခဲ့တာနဲ့ ဦးထင်လင်းဦး ကို အာမခံပေးဖို့ ၃ ကြိမ်မြောက် တင်ပြမှု ပယ်ချခံရတာ ကို ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"ဒီနေ့ ကိုထင်လင်းဦး ရုံးချိန်းမှာ တရားလိုပြသက်သေ တစ်ယောက်ဖြစ်တဲ့ သုံးပန်လှစံပြကျေးရွာ အုပ်ချုပ်ရေး မှူး ဦးဝင်းနိုင်ကို စစ်တယ်၊ ကိုထင်လင်းဦး ရဲ့ ဟောပြောချက် ၁ နာရီ ၄ဝ ကျော်ကြာထဲက စာကြောင်း ၄၊ ၅ ကြောင်းကို ထုတ်ပြီးတော့ တရားစွဲတာပဲ၊ နောက် တတိယအကြိမ်မြောက် အာမခံလျှောက် ထားတာ ရုံးကပယ်ပါတယ်၊ ကျနော်တို့ သဘောတူထားတဲ့အတိုင်းပဲ မုံရွာခရိုင်တရားရုံးကို ပြစ်မှုဆိုင်ရာ အထွေထွေအယူခံတက်မှာပေါ့"

ဦးထင်လင်းဦးရဲ့ဇနီးဖြစ်သူ ဒေါ်စောစန္ဒာနဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ဦးထင်လင်းဦးကို ရည်ရွယ်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားတဲ့ ချောင်းဦးမြို့နယ် သံဃာ့နာယကအဖွဲ့က ဆရာတော် ၅ ပါးကို သွားရောက်တောင်းပန်လျှောက် ထားခဲ့ရာ ဆရာတော် ၅ ပါးက တောင်းပန်မှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ ချောင်းဦးမြို့နယ်က သံဃာတော် အပါး ၃ဝ ကျော်ကိုလည်း မကြာခင်မှာ သွားရောက်တောင်းပန် မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာမှာ ကျင်းပတဲ့ စာပေဟောပြောပွဲ မှာ ဦးထင်လင်းဦးက ဘာသာ၊ သာသနာ လူမျိုးရေးအယူဝါဒတွေ ၏အကြောင်း ဟောပြောခဲ့တာကြောင့် ချောင်းဦး မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာ ညှိုးနွမ်းစေမှု ၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။