အကူအညီပေးခွင့်ပိတ်မထားဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို

RFA Burmese
2023.06.21
အကူအညီပေးခွင့်ပိတ်မထားဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘာဆာရာရွာဒေသခံများနှင့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးနေတာတွေကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောဆိုခဲ့တာပါ။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသတွေကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေပြင်းထန်နေတဲ့ တခြားဒေသတွေမှာလည်း အကူအညီပေးရေးအဖွဲ့တွေ သွားလာခွင့်မရဖြစ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားလာနေပြီး၊ နယ်မြေအများအပြားကို လူသားချင်းစာနားထောက်ထားမှု အကူအညီသွားလာခွင့်မပေးဘဲ ပိတ်ထားတာကို လေးလေးနက်နက်စိုးရိမ်တယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေးကို အလေးထားဖို့လည်း ဗြိတိန်အစိုးရက ထပ်မံတိုက်တွန်းပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကယားအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားပြည်သူ ၁၂၃ ဦး သေဆုံးခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ ၂ဝ၁၇ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၀ နီးပါး၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၅၀ ကျော် ထောက်ပံ့ကူညီခဲ့တယ်လို့လည်း သံအမတ်ကြီးက ဒီနေ့ပြောသွားပါတယ်။

ရိုဟင်ဂျာတွေကို အတင်းအကျပ်နေရပ်ပြန်ရေး ဖိအားမပေးဖို့၊ UNHCR ရဲ့ စည်းမျဉ်းတွေနဲ့ အညီ ဆန္ဒအလျောက် ပြန်ဝင်လာသူတွေလည်း ဘေးကင်းမှုရှိဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်မှုမရှိမချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျင်းပတဲ့ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာလည်း မြန်မာစစ်တပ်ကို လက်နက်မရောင်းချကြဖို့နဲ့ လက်နက်ရောင်းချပေးနေသူတွေကို နိုင်ငံတကာက ဘယ်လိုဖိအားပေး အရေးယူမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့လည်း ဗြိတိန်နိုင်ငံက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။