မြန်မာအမျိုးသမီးတွေ အကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်း တင်ပြ

2023.10.05
မြန်မာအမျိုးသမီးတွေ အကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်း တင်ပြ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ရစဉ်။
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဖေ့စ်ဘွတ်ခ်

စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်လာပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ခိုလှုံကြတဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တိုက်တွန်းလိုက်ပါတယ်။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးပွဲမှာ အဲဒီလို တိုက်တွန်းတာပါ။

ဒါ့အပြင် မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်များ ဆက်လက်အရေးယူ ဆောင်ရွက်ခြင်း နဲ့ ပတ်သက်တဲ့ အထွေထွေမူဝါဒဆွေးနွေးပွဲ မိန့်ခွန်းမှာလည်း စစ်အာဏာရှင်တွေဟာ တိုင်းပြည် ကို အုပ်လည်း မအုပ်ချုပ်နိုင်၊ စီးပွားရေးကိုလည်း စီမံ မခန့်ခွဲနိုင်တဲ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မပေးစွမ်းနိုင်တာ ထင်ရှားတဲ့အကြောင်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားပါ တယ်။

ဒီအတွက်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ မြန်မာပြည်သူ ပြည်သားတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရဟာ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာတောင် ခိုင်မာတဲ့ လူမှုစီးပွား မူဝါဒတွေနဲ့ ဖွံ့ဖြိုးတိုးတက်နှုန်းကို ထိန်းသိမ်းထားခဲ့ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အရင် ရွေးကောက်ခံအရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ် တဲ့အကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တင်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။