ဦးကျော်မိုးထွန်း ကုလမှာနေရာဆက်ရရေး အမေရိကန်နဲ့ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို
2023.09.17

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာတွေ စက်တင်ဘာလ ၁၆ ရက် မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမဲ့ အထွေထွေညီလာခံ တက်ရောက်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေ စုရုံးရောက်ရှိနေတဲ့ တစ်ချိန်တည်းမှာပဲ ပြည်ပရောက် မြန်မာတွေကလည်း ဆန္ဒပြနေကြတာပါ။
နယူးယောက်မြို့ခံ မြန်မာတွေကတော့ ကုလသမဂ္ဂဌာနချုပ်ရှေ့ထိ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့သလို၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ပါလီမန်ရှေ့နဲ့ ဝန်ကြီးချုပ်နေအိမ်တွေရှေ့မှာလည်း မနေ့က ဆန္ဒပြကြပါတယ်။

"သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုတယ်"လို့ ဆန္ဒပြတဲ့သူတွေက ကြွေးကြော်ပါတယ်။
ကုလသမဂ္ဂအတွက် မြန်မာနိုင်ငံကိုယ်စားပြုနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဆက်ရမလား၊ စစ်ကောင်စီကရမလားဆိုတာ ကုလစိစစ်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက် ဒီရက်ပိုင်းအတွင်း ထွက်လာဖို့ရှိနေပါတယ်။
ဒီကိုယ်စားလှယ်နေရာအတွက် စစ်ကောင်စီဘက်က ကြိုးပမ်းနေပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ကိုယ်စားပြုခွင့်ပေးခဲ့ပါတယ်။

ဒီနှစ် ကုလညီလာခံမှာလည်း ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ကိုယ်စားပြုခွင့်ပေးလိမ့်မယ်လို့ သံတမန်အသိုင်းအဝိုင်းကနေ ကနဦးသတင်းကြားသိထားရတယ်လို့ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက RFA ကို ပြောထားပါတယ်။
ဒီညီလာခံကာလအတွင်း NUG နိုင်ငံခြားရေးကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခေါင်းဆောင်တချို့နဲ့ ညီလာခံပြင်ပမှာ သီးသန့်တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း RFA က စုံစမ်းသိရပါတယ်။