မြန်မာမှာ လူမှုကူညီရေးလုပ်ကိုင်နေသူ ၄ဝ ကျော် သတ်ဖြတ်ခံရကြောင်း ကုလပြော
2023.07.06
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူမှုဝန်ထမ်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ဒီလို သတ်ဖြတ်ခံရတဲ့အထဲမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်နေသူတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ရိုက်တိုက်ခိုက်နေတာတွေပါဝင်ပြီး ဒီလို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာကို ရှုတ်ချကြောင်း၊ ဒီကူညီကယ်ဆယ်ရေးသမားတွေဟာ ပြည်တွင်းလူမှုရေးအဖွဲ့တွေမှာ လုပ်ကိုင်နေတဲ့သူအများစုဖြစ်ကြောင်းလည်း အစီရင်ခံချက်မှာ ပြောကြားထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စတွေမှာ နှောင့်ယှက်ဟန့်တားတာနဲ့ ပိတ်ပင်တာတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ ၁.၅ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ ခြောက်သောင်းခန့် မီးရှို့ဖျက်ဆီးခံထားရကြောင်း၊ နိုင်ငံ့လူဦးရေသုံးပုံတစ်ပုံရှိတဲ့ လူဦးရေ ၁၇.၆ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။