ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်
2025.03.13

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ် ၁၃ ရက်နေ့က ထွက်ခွာသွားပြီး လေးရက်ကြာခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံမယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူသားချင်းစာနာရေးအကူအညီဖြတ်တောက်ခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
လက်ရှိ ဘင်္ဂလားဒေ့ရှ်က ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည် တစ်သန်းလောက် နေထိုင်နေကြပြီး အများစုဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က နှိမ်နင်းလို့ ထွက်ပြေးလာသူတွေဖြစ်ပါတယ်။
လူမတန်တဆများတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ပြင်ပကအကူအညီတွေကို မှီခိုနေရပြီး အာဟာရဓာတ်ချို့နေတဲ့အပြင် အကူအညီဖြတ်တောက်ခံရတဲ့အတွက် အခက်အခဲကြုံနှင့်ပြီးသားဖြစ်ပါတယ်။
ကုလအကြီးအကဲဟာ သောကြာနေ့မှာ အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုကို သွားရောက်မှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်ဟာ ရိုဟင်ဂျာပြဿနာကို ကမ္ဘာ့ရှေ့တန်းအရေးကိစ္စအဖြစ် ပြန်ရောက်စေမယ်လို့ မျှော်လင့်ရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရပြောခွင့်ရသူက သတင်းထောက်တွေကို မတ် ၁၂ ရက်က ပြောဆိုထားပါတယ်။