ကုလသမဂ္ဂ ကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း

ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ပေးရမယ့် UN Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ) အသစ်ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
စိစစ်ရေးကော်မတီမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားက အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေအဖြစ် ပါဝင်ပြီး ဒီနှစ်အတွက် တာဝန်ပေးခံရတဲ့ အဖွဲ့ဝင်ခြောက်နိုင်ငံကတော့… အန်ဂိုလာ၊ သြစတြီးယား၊ ဂိုင်ယာနာ၊ ဥရုဂွေး၊ မော်လဒိုက်နဲ့ ဇမ်ဘီယာနိုင်ငံတို့ ဖြစ်ကြောင်း ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ဥက္ကဋ္ဌ Csaba Kőrösi က ကြေညာပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အထွေထွေညီလာခံအပါအဝင် တခြား ကုလသမဂ္ဂအစည်းအဝေးတွေမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရှိ၊ မရှိ ဆိုတာကို ဒီအဖွဲ့ဝင်ကိုးနိုင်ငံက စစ်ဆေးဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေအကြား သဘောထားကွဲလွဲမှု ရှိခဲ့ရင်တော့ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ ကိုယ်စားပြုနေရာရဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရော စစ်ကောင်စီကပါ အပြိုင် တင်သွင်းထားကြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ မြန်မာကိုယ်စားလှယ် စိစစ်ရေးကိစ္စကို ကော်မတီက ဆိုင်းငံ့ခဲ့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းပဲ ကိုယ်စားပြုခွင့် ဆက်ရနေတာဖြစ်ပါတယ်။ အခုနှစ်မှာ ဘယ်လိုဆုံးဖြတ်ချက် ထွက်လာမလဲဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့တွေကတော့ ကုလသမဂ္ဂမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ကိုယ်စားပြုခွင့်မပေးဘဲ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်ထားဖို့။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားပြုအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။