ရခိုင်မှာ နိုင်ငံတကာ ကူညီခွင့်နဲ့ သွားလာခွင့် ပိတ်ပင်ခံထားရဆဲလို့ ကုလထုတ်ပြန်
2023.06.20

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီကပိတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုလို ဆက်ပိတ်ထားတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆောင်ရွက်ရာမှာ သက်ရောက်မှုရှိနေပြီး မုန်တိုင်းသင့်ပြည်သူတွေအတွက် ဘဝအခြေအနေပိုဆိုးစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ အရင်ခွင့်ပြုထားတဲ့အတိုင်း ပြန်လည်ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ရေးသွားလာခွင့်ကို ဇွန်လ ၈ ရက်နေ့ကစပြီး ပိတ်ပင်ထားတာပါ။
ရခိုင်မှာ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ နေအိမ်အများအပြား ပြန်မဆောက်နိုင်ကြ သေးသလို စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲလို့ ဒေသတွင်းမှာ ကူညီပေးနေသူတွေက RFA ကိုပြောပါတယ်။
ပျက်စီးဆုံးရှုံးမှု အရမ်းများတာကြောင့် နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီမရရင် ပြန်လည်တည်ဆောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်မှာ မုန်တိုင်းကြောင့် လူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းလောက်သာ အကူအညီအထောက်အပံ့တွေ ရရှိတယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကတော့ အမိုးအကာတွေ၊ အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေဆဲလို့ AA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကဒေသခံတွေကို အကူအညီပေးရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ တားမြစ်ပိတ်ပင်တာမရှိဘူးလို့ ပြောထားပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးကြမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေအနေနဲ့ ကူညီထောက်ပံ့ရေးလုပ်တဲ့အခါ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အဖွဲ့ကို အကြောင်းကြားရမှာဖြစ်တယ်လို့ ဦးလှသိန်းက သူ့ရဲ့လူမှုကွန်ရက်ဖြစ်တဲ့ သိကြားစေချင်ငွေသဇင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၁၀ ရက်က ရေးသားထားပါတယ်။