စစ်အာဏာရှင် ကိုယ့်ပြည်သူကို ရန်ပြုနေလို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော
2023.03.03

မြန်မာစစ်အာဏာရှင်တွေဟာ အရပ်သားပြည်သူတွေကို သူတို့ရဲ့ ရန်သူအဖြစ်သဘောထားနေကြပြီး ကိုယ့်ပြည်သူကို ရန်ပြုနေကြောင်း ပြည်သူတွေအနေနဲ့ အသက်ရှင်ဖို့တောင် ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk က ပြောကြားလိုက်တယ်။
မြန်မာပြည်ဟာ ကပ်ဆိုးပြင်းပြင်းထန်ထန် ကျရောက်နေတဲ့ အခြေအနေဖြစ်နေပြီး မြန်မာပြည်သူတွေ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ခံစားနိုင်ဖို့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို အရေးပေါ်လုပ်ဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်က မဆင်မခြင်လေကြောင်းကနေ တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ လူသားချင်းစာနာမှု အကူအညီတွေ မပေးနိုင်အောင်တားဆီးမှု၊ စစ်တပ်ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အစားအသောက်၊ ငွေကြးအထောက်အပံ့၊ သတင်းနဲ့ တပ်ဖွဲ့ဝင်သစ်တွေ မစုဆောင်းနိုင်အောင် ပိတ်ဆို့မှုစတဲ့ ဖြတ်လေးဖြတ်စနစ်ကို ကျင်းသုံးနေပြီး ဒီလုပ်ဆောင်မှုတွေက လူ့အခွင့်အရေးချိုးဖောက်မှုကို တွန်းအားပေးနေတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောကြားပါတယ်။