ကုလသမဂ္ဂ ပြဌာန်းထားတဲ့ ဥပဒေကို မြန်မာနိုင်ငံ လက်မှတ်ရေးထိုးဖို့ တောင်းဆို
2016.06.26
အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညဉ်းပန်းနှိပ်စက်မှုု တားမြစ်ဆန့်ကျင်တဲ့ဥပဒေ Convention Against Torture (CAT) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့အတွက် လူမှု့အဖွဲ့အစည်း ၄ ခု ပူးပေါင်းပြီး ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ဝိမုတ္တိအဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့၊ ND-Burma အဖွဲ့နဲ့ AJAR အဖွဲ့ ၄ ဖွဲ့ ပူပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်တာဖြစ်ကြောင်း ဝိမုတ္တိအဖွဲ့ဒါရိုက်တာ ဒေါ်ခင်မိမိခိုင်က ပြောပါတယ်။
"အဓိကက လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာပေါ့ စစ်တပ်တွေ၊ နောက်တစ်ခါ စစ်ရေးလျော့ ချဖို့ရန်အတွက်ကို ကျမတို့ တောင်းဆိုထားတာရှိပါတယ်၊ နောက်တစ်ခုက အခုလက်တလော လောလော ဆယ်မှာ အကျဉ်းထောင်တွေအတွင်းမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်တစ်ခုပါပါတယ်၊ နောက်တစ်ခါ UN ကဒ်လို့ခေါ်တဲ့ အဲ့ဒါကို လက်မှတ်ရေးထိုးဖို့ရန် အတွက် တိုက်တွန်းနှိုးဆော်ထားတဲ့ ဆိုတဲ့အချက်တွေကို ကျမတို့ တောင်းဆို ထားပါတယ်"
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေရှိနေကြောင်းနဲ့ အဲ့ဒီလိုကိစ္စတွေ အဆုံးသတ်စေဖို့အတွက် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့လည်း တောင်းဆိုချက်မှာပါဝင်ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေဟာ ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်မှု ခံရတာ အများဆုံးဖြစ်ကြောင်းနဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူပေါင်းပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပပျောက်အောင် အသိပညာပေးတာတွေ ဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်က ပြောပါတယ်။
"ကျမအနေနဲ့ တစ်ဦးတည်းတစ်ယောက်တည်းနဲ့ ဆောင်ရွက်လို့မရပါဘူး၊ သက်ဆိုင်ရာ လွှတ်တော် အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ပြီးတော့ ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါလိမ့်မယ်၊ နိုင်ငံတော်အဆင့်အနေနဲ့ရော အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ရော ဒီညှင်းပမ်းနှိပ်စက်မှုဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအတွက် လက်သင့်ခံလောက်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး ဆိုတဲ့ဟာမျိုးကို ပညာပေးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လို့လိုပါတယ်"
နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေကလည်း ထောင်တွင်းမှာ နေထိုင်ခဲ့ရပုံတွေကို သရုပ်ပြခဲ့ပါတယ်။
အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေးနဲ့ နိုင်ငံရေးဆောင်ရွက်နေသူတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။