ကုလအထူးကိုယ်စားလှယ် အစီရင်ခံစာကို အိန္ဒိယ တုံ့ပြန်
2023.03.20

မြန်မာနိုင်ငံ ဒီမိုကရေစီအားကောင်းရေးလုပ်ငန်းစဉ်ကို ထောက်ခံမြဲ ထောက်ခံနေပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အိန္ဒိယနိုင်ငံက ပြောကြားကြောင်း ANI သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ကုလအထူးကိုယ်စားလှယ်က တင်ပြတဲ့ အစီရင်ခံစာမှာ အိန္ဒိယကို အကြောင်းမဲ့ ရည်ညွှန်းတာကို စိုးရိမ်မကင်း ဖြစ်ရတာကို ပြသတာလို့ သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က မတ် ၉ ရက်က တင်ပြတဲ့ အစီရင်ခံစာမှာ အိမ်နီးချင်း မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တားဆီးဖို့ အိန္ဒိယအစိုးရက နည်းလမ်းရှာကြိုးပမ်းနေတယ်လို့ ပါရှိပါတယ်။ မြန်မာဒုက္ခသည်တွေကို ပြန်နှင်ထုတ်နေတာနဲ့ ပတ်သက်လို့ အိန္ဒိယကို အစီရင်ခံစာမှာ အပြစ်တင်ထားတယ်လို့လည်း ဆိုပါတယ်။
၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တနင်္လာနေ့က တင်ပြခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အိန္ဒိယသံတမန် Thulasidass က တုံ့ပြန်တာ ဖြစ်ပါတယ်။ ကုလအထူးသံရဲ့ အစီရင်ခံစာကို မှတ်တမ်းတင်ပါကြောင်း၊ ဒါပေမဲ့ အစီရင်ခံစာထဲက အိန္ဒိယကို ရည်ညွှန်းတဲ့ တချို့အချက်အလက်တွေဟာ အကြောင်းမဲ့ဖြစ်နေတာမို့ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ဒါဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလအထူးသံရဲ့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကြောင်း ပြောပါတယ်။
ဒီလို မှတ်ချက်တွေဟာ မြန်မာနိုင်ငံ အခြေအနေတိုးတက်ရေးကို မပံ့ပိုးဘဲ မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးကို ရှေးရှုတဲ့ အိန္ဒိယရဲ့ ကြိုးပမ်းမှုကို အားလျော့စေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက လုံခြုံရေးနဲ့လူသားချင်းစာနာမှု အခြေအနေဆိုးဝါးလာနေတာဟာ အိန္ဒိယကို တိုက်ရိုက် ဂယက်ရိုက်ပြီး အိန္ဒိယမှာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ ငါးသောင်းကျော်ရှိတဲ့အပြင် မူးယစ်ဆေးဝါးနဲ့လက်နက်မှောင်ခိုလို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေလည်း တိုးလာတဲ့အကြောင်း လူ့အခွင့်အရေးကောင်စီမှာ အိန္ဒိယသံတမန်က တုံ့ပြန် ပြောကြားပါတယ်။