ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်လက်ထားရှိရေး ပြည်ပရောက်မြန်မာတွေ တောင်းဆို

RFA Burmese
2024.09.21
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်လက်ထားရှိရေး ပြည်ပရောက်မြန်မာတွေ တောင်းဆို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုရေးအတွက် မြန်မာနိုင်ငံသားများ ဆန္ဒပြနေစဉ်။
NUG UK office

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် လက်ခံအသိအမှတ်ပြုရေး ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက စက်တင်ဘာ ၂၁ ရက်နေ့ ဒီကနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။

မြန်မာနိုင်ငံသား ၄ဝဝ ခန့်က လန်ဒန်မြို့က လွှတ်တော်အဆောက်အအုံရှေ့နဲ့ ဝန်ကြီးချုပ်နေအိမ်ရှေ့တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂမှာ ဆက်လက် ထားရှိရေး၊ စစ်ကောင်စီကို အသိအမှတ်မပြုရေးနဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို သတ်ဖြတ်နေမှုတွေကို ချက်ချင်းရပ်တန့်ရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး တောင်းဆိုဆန္ဒပြပွဲတွေကို ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေက အခု စက်တင်ဘာလဆန်းကစပြီး လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ စက်တင်ဘာ ၂၂ ရက်နေ့မှာ တောင်းဆိုဆန္ဒပြကြမှာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ အာဏာမသိမ်းခင်က ကုလသမဂ္ဂကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ကိုယ်စားမပြုခဲ့ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရကိုသာ ကိုယ်စားပြုကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ကြေညာခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။