မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်အတည်ပြု

RFA Burmese
2023.07.14
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်အတည်ပြု ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်စပ်အထိ ထွက်ပြေးနေရသည့် လေးကေ့ကော်ဒေသ ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့အပါအဝင် ဆုံးဖြတ်ချက် ငါးချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ဒါ့ပြင် နိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့၊ ကျူးလွန်ခံရသူတွေ တရားမျှတမှု ရရှိ‌ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူရေးအတွက် ဆောင်ရွက်သင့်တာအားလုံး လုပ်ဆောင်ဖို့၊ ကုလသမဂ္ဂက ခန့်အပ်တာဝန်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် ကန့်သတ်ချုပ်ချယ်မှုမရှိ လုပ်ဆောင်ခွင့်ပြုဖို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

အတင်းအကျပ် အိုးအိမ်‌‌ရွှေ့ပြောင်းခံရတဲ့ ရိုဟင်ဂျာမွတ်ဆလင်နဲ့ တခြားလူနည်းစုတွေအားလုံး နေရပ်ပြန်နိုင်တဲ့အထိ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ဘင်္ဂလား‌ဒေ့ရှ်အစိုးရကို ဆက်ပြီးကူညီကြဖို့လည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

ဒါ့ပြင်ပြည်တွင်း လူမှုအသိုက်အဝန်းအသီးသီးက အိုးအိမ်စွန့်ခွာရသူအားလုံးကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် မြန်မာနိုင်ငံကို ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ထူးခြားတိုးတက်မှုနဲ့ ပတ်သက်ပြီး လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်နဲ့ ၅၉ ကြိမ်မြောက် အစည်းအဝေးတွေမှာ လူ့အခွင့်အရေးမဟာမင်းကြီးက နှုတ်နဲ့၊ စာနဲ့ အစီရင်ခံတင်ပြပြီး အပြန်အလှန်ဆွေးနွေးကြဖို့၊ အဲဒီနောက် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံကို အစီရင်ခံတင်ပြဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

လုံခြုံရေးကောင်စီ အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်း‌နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ရှိတဲ့ အစီအစဉ်တွေ ချမှတ်ဖို့လည်း ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။