မြန်မာအပါအဝင် ပဋိပက္ခဒေသတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ
2024.05.16

စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာ၊ ဆူဒန်နဲ့ ဂါဇာ အပါအဝင် ကမ္ဘာတစ်ဝန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဒုတိယညွှန်ကြားရေးမှူး Carl Skau က ပြောလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာဆိုရင် လူဦးရေ သန်း ၂ဝ ကျော် စားနပ်ရိက္ခာ မလုံလောက်ဘဲ ဖြစ်နေပြီး နောက်ထပ် လူဦးရေ ငါးသန်းကတော့ ငတ်မွတ်ခေါင်းပါးနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ AFP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသန်းကျော်ရှိနေပါတယ်။ ပြီးခဲ့တဲ့ဧပြီလက ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာလည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်က မြန်မာပြည်မှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းရှိနေတယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အကာအကွယ်ပေးမှုတွေ အရေးပေါ်လိုအပ်နေပြီး နိုင်ငံတစ်ဝန်းမှာလည်း ငတ်မွတ်ခေါင်းပါးမှုတွေ တိုးလာနေတာကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း နီးပါးဖြစ်တဲ့ ပြည်သူ ၁၂ ဒသမ ၉ သန်းဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့လည်း UNOCHA က ဆိုပါတယ်။