မစ္စနိုလင်းဟေဇာတာဝန်ပြီးဆုံး၊ သံတမန်သစ်ခန့်ဖို့ UN ပြင်ဆင်
2023.05.31
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ လာမယ့်ဇွန်လ ၁၂ ရက်နေ့မှာ တာဝန်ပြီးဆုံးမှာဖြစ်ပြီး နောက်ထပ်သံတမန်သစ် ခန့်အပ်သွားမယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရှိသူ Farhan Haq က RFA ကို မေလ ၃၁ ရက်နေ့က အတည်ပြုပြောပါတယ်။
မစ္စနိုလင်းဟေဇာဟာသူရဲ့ တာဝန်မပြီးဆုံးခင်မှာ စောစောစီးစီး ရပ်ဆိုင်းခံရတာလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အဲဒီပြောခွင့်ရှိသူကတော့ ငြင်းပါတယ်။
"ရှင်းရှင်းလင်းလင်းပြောချင်တာက သူ့ရဲ့တာဝန်ကို စောစောစီးစီး ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ ယခင်စာချုပ် သဘောတူထားတဲ့အတိုင်း ဒီဇွန်လ ၁၂ ရက်နေ့ဟာ သူ့ရဲ့တာဝန်ပြီးဆုံးတဲ့နေ့ ဖြစ်ပါတယ်" လို့ RFA ကို အီးမေးလ်က တစ်ဆင့်ပြောပါတယ်။
လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project ကတော့ မစ္စ နိုလင်းဟေဇာကို အစားမထားဖို့ ဒီကနေ့ ထုတ်ပြန်တောင်းဆိုပါတယ်။
မြန်မာ့အရေးဟာ လူသိများထင်ရှားသူတစ်ဦးဦးက ကြားဝင်စေ့စပ်ဖြေရှင်းပေးလို့ ရလောက်အောင် အဆင်သင့်မဖြစ်သေးတာကြောင့် သူ့နေရာမှာ အစားမထိုးသင့်ဘူးလို့ ဆိုပါတယ်။
မစ္စနိုလင်းဟေဇာမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်တာဝန်ပေးခံရတဲ့ ခရစ္စတင်းဘာဂနာဟာ သုံးနှစ်ခွဲ တာဝန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ နိုလင်းဟေဇာကတော့ တစ်နှစ်ခွဲပဲ တာဝန်ထမ်းဆောင်ခွင့်ရတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီတစ်နှစ်ခွဲကာလအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရခဲ့ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုပါဘူး။
တာဝန်သက်တမ်းမကုန်ဆုံးခင် ကုလသမဂ္ဂကို နောက်ဆုံးတင်သွင်းတဲ့ နိုလင်းဟေဇာရဲ့ အစီရင်ခံစာမှာ မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ပြောဆိုခဲ့ပါတယ်။