ကန့်သတ်ခံရမှုတွေကြောင့် အကူအညီပေးဖို့ ခက်ခဲနေကြောင်း UN OCHA ပြော

2022.08.04
Share on WhatsApp
Share on WhatsApp
ကန့်သတ်ခံရမှုတွေကြောင့် အကူအညီပေးဖို့ ခက်ခဲနေကြောင်း UN OCHA ပြော ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းမှ ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ်
MPA Photo
စစ်ကောင်စီက အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်း တွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဆီကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးအပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
 
နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားကာကွယ်စောင့်ရှောက် ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာလည်း ပိုမိုဆိုးရွားလာတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
 
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက အမည်မဖော်လိုတဲ့ စစ်ဘေး ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးကလည်း သူတို့မြို့နယ်ထဲက ကုန်သွယ်ရေးလမ်းကြောင်း တွေမှာ ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် ဆေးဝါး မလုံလောက်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ RFA ကို ပြောပါတယ်။
 
“အဓိကတော့ ဆေးဝါးပြဿနာကြုံရတယ်။ မိုးကာလဆိုတော့ တုပ်ကွေးပုံစံမျိုး ညောင်းကိုက် ဖျားတာတွေ တော်တော်လေးဖြစ်တယ်။ ဆေးဝါးကလည်း ဝယ်ဖို့ခက်ခဲတယ်။ ဆေးကို ဝှက်ပြီး သယ်ရတယ်။ တွေ့ရင်သိမ်းတယ်။ လိုသလောက်မရဘူး။ စစ်ဘေးရှောင်တွေဆီ နည်းနည်းပဲရောက်တယ်။ အခုဆို ဆေးထိုးအပ်တွေ လုံးဝသယ်မရလို့ သောက်ဆေးပဲ သုံးရတယ်။ ဒါတောင် မလုံလောက်ဘူး”
 
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းထဲက တိုက်ပွဲတွေဖြစ်တဲ့နေရာတွေ မှာလည်း ဆန်၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေသယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ် က စစ်ဆေးရေးဂိတ်တွေမှာ ကန့်သတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
 
ရခိုင်ပြည်နယ်မှာလည်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြားမှာ တင်းမာမှုတွေ မြင့်တက်နေ တာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေရပ်စွန့်ခွာမှုအသစ်တွေ ဖြစ်ပေါ်နေပြီး ထိခိုက်ခံစား နေရသူတွေဆီကို အကူအညီတွေပေးဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့ UN OCHA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
 
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ဦးနဲ့ အဲဒီမတိုင်ခင်က ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ ဦးရှိတာကြောင့် မြန်မာ နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်းကျော်ရှိနေပြီလို့ UN OCHA က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက လူပေါင်း ၄၂,၀၀၀ နီးပါးဟာလည်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။