မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

2022.12.22
မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမေရိကန်ကြိုဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးဆွေးနွေးပွဲအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပစဉ်။
UN Photo/Eskinder Debebe

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၁ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။

ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးနဲ့ တာဝန်ခံမှု စံနှုန်းတွေကို လိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်လာတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေ အပေါ်ဖိနှိပ်ချုပ်ခြယ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို အဆုံးသတ်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဘာဘရာ ဝုဒ်ဝပ်ဒ်ကလည်း ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ခိုင်မာတဲ့ သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ မနေ့ကပြုလုပ်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အခုအတည်ပြုလိုက်တဲ့ဆုံးဖြတ်ချက်ဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပထမဆုံးသော ဆုံးဖြတ်ချက် ဖြစ်လာပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မဲခွဲရာမှာတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ရုရှား၊ တရုတ်နဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ကတော့ ထောက်ခံမဲ မပေးဘဲ ကြားနေခဲ့ကြပြီး ကျန်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံ ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။