ဖမ်းမိတဲ့ စစ်သားတွေကို လူသားဆန်စွာ ဆက်ဆံဖို့ ကုလ တိုက်တွန်း
2023.11.17

တိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားသူတွေကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ လက်စားချေတာ မလုပ်ဖို့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးက ထုတ်ပြန်တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ကြေညာချက်မှာ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က… စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်သားတစ်ဦးချင်းစီမှာ တာဝန်မရှိသလို လက်စားချေတာကို လုံးဝတားမြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေတွေကို ပါဝင်တဲ့အဖွဲ့အစည်းအားလုံး လေးစားလိုက်နာဖို့လည်း ကြေညာချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်ဘက်က လက်နက်ချလာတဲ့ တပ်ဖွဲ့ဝင်တွေ ရှိနေတာဟာ မြန်မာပြည်အတွက် တိုးတက်လာတဲ့အခြေအနေအဖြစ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းကျော်ရှိပြီး သေဆုံးတဲ့ အရပ်သား ၇ဝ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ၉ဝ ကျော် ရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်နီးပါး အပစ်အခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းနှစ်ခုလုံးအတွက် စိုးရိမ်တယ်လို့လည်း ပါရှိပါတယ်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ကောင်စီဘက်က တပ်ရင်းလိုက် လက်နက်ချတာ၊ စခန်းတွေကနေ စွန့်ခွာထွက်ပြေးတာတွေ ရှိနေပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က တပ်သား ၃၂ ယောက် နိုဝင်ဘာ ၁၅ ရက်နေ့မှာ လက်နက်ချခဲ့ပါတယ်။ အဲဒီထဲက ဒဏ်ရာရရှိသူတွေကို KNDF က ဆေးကုသပေးနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့... ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ PDF တွေက လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြေညာထားပါတယ်။