စစ်အာဏာရှင်တွေကို လက်နက်မရောင်းဖို့ ကုလမှာ ဦးကျော်မိုးထွန်း တောင်းဆို

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.04.05
စစ်အာဏာရှင်တွေကို လက်နက်မရောင်းဖို့ ကုလမှာ ဦးကျော်မိုးထွန်း တောင်းဆို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က နေပြည်တော်မှာတွေ့ရသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိများ။
Myanmar Military

တိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ဘဲ နိုင်ငံသားတွေကို နှိပ်စက်သတ်ဖြတ်ရာမှာ လက်နက်တွေ သုံးနေတဲ့အာဏာရှင်တွေကို တာဝန်သိတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်ရောင်းချတာမလုပ်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၅ ရက် မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင် အစည်းအဝေးမှာ သူကပြောခဲ့တာပါ။

“ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ထိန်းချုပ်လိုက်တာဟာ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်လိုက်တာပဲ“ လို့ သူက ပြောပါတယ်။

စစ်ကောင်စီကို လက်နက်ရောင်းချနေတာဟာ မြန်မာပြည်သူတွေကို အသက်သေဆုံးစေတာပဲလို့လည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေ ၃၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ခြောက်သောင်းနှစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂထံ သူရဲ့တင်ပြချက်မှာ မနေ့က ထည့်သွင်းပြောခဲ့ပါတယ်။

UN.jpg
၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မရှင်အစည်းအဝေး မြင်ကွင်းတစ်ခု။ ( Photo:Permanent Mission of Myanmar to the United Nations)

မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေကို လက်နက်ရောင်းချမှု ရပ်တန့်ပေးဖို့ တောင်းဆိုနေကြတယ်လို့လည်း သူက ကိုယ်စားပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ရုရှားကနေ စစ်လက်နက်ပစ္စည်းတွေဝယ်ယူနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ ဒဲရစ်ချောလက်က မြန်မာစစ်ကောင်စီကို ရုရှားက လက်နက်ပေးပို့နေတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေပြီး စစ်ကောင်စီ လက်နက်ရရှိမှု ပိုခက်ခဲအောင် တင်းကျပ်တဲ့ အရေးယူမှုတွေလုပ်ဖို့ နည်းလမ်းရှာမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar ကလည်း အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာစစ်တပ်ကို ၁၂၂ မမ အမြောက်ပြောင်းတွေ အမြောက်အမြား တင်ပို့ရောင်းချခဲ့တဲ့အကြောင်း မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကို ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလအစည်းအဝေးမှာ စစ်ကောင်စီက အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းနေတာကို နိုင်ငံတကာက အလေးထားစောင့်ကြည့်ပေးဖို့လိုတယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။