ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်းဆက်
2010.11.19
ကမ္ဘာ့ပြည်သူတွေ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာကို သူ့အနေနဲ့ အလွန်အင်မတန်မှ လေးစားမိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို ဦးစားပေးအဆင့်အနေနဲ့ စစ်အစိုးရက လွှတ်ပေးဖို့ လိုတယ်ဆိုတာကို အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး တသဘောတည်း ရှိတဲ့အကြောင်း ပြောဆိုကြပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ နိုင်ငံသားအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့အတွက် ဦးတည်ပါတယ်လို့ ပြောပါတယ်။
ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယား မြန်မာနိုင်ငံကို စောစောလာနိုင်ဖို့ ထောက်ခံကြောင်း ပြောခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းကြည်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကို လေးစားကြောင်းနဲ့ ဆက်လက်ပြီးတော့ အလေးပေး ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် Faran Haq က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။