ကုလသမဂ္ဂ အထူး ကိုယ်စားလည် ယခုရက်ပိုင်း မြန်မာပြည် သွားမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလည် မစ္စတာ ဘီဂျေး နမ်ဘီးယားဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း နဲ့ ဒီသတင်းပတ်ကုန်ပိုင်းလောက်မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦးက ပြောကြား လိုက်ပါတယ်။

2011.05.10
nambiar_un_ban_ki-moon_305_z.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)
(Photo: UN Photo/Eskinder Debebe)

အမည်မဖေါ်လိုသူ နိုင်ငံခြားရေးဌာန ဝန်ထမ်းတဦး အဆိုအရ အထူးကိုယ်စားလည်ဟာ လာမယ့် ကြာသပတေးနေ့မှာ ရောက်ရှိပြီး မြန်မာအစိုးရ အပါအဝင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ၃ ပတ်အကြာမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ဘဝင်မကျ ဖြစ်နေတာတွေ ရှိသလို မြန်မာအစိုးရသစ် အနေနဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်ရေး နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ပိုမိုဆက်ဆံမှု ရှိရေးတွေ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေး အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း မစ္စတာ နမ်ဘီးယားအနေနဲ့ ရှု့မြင်တာ ဖြစ်တဲ့အတွက် သမ္မတအသစ် ဦးသိန်းစိန် အနေနဲ့ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား ခေါင်းဆောင်တွေနဲ့တွေ့ဆုံ ဆွေးနွေးဖို့ကို အခု ခရီးစဉ်အတွင်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းနိုင်တယ်လို့ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

မစ္စတာ နမ်ဘီးယားရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းတင်ကို မအင်ကြင်းနိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။