ကုလအထွေထွေညီလာခံက မြန်မာရွေးကောက်ပွဲကို ရှုတ်ချကန့်ကွက်
2010.11.19
ဒီဆုံးဖြတ်ချက်မှာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ရှုတ်ချကန့်ကွက်ထားပြီး စစ်အစိုးရဟာ လွတ်လပ်၊ တရားမျှတပြီး ထင်သာမြင်သာ ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်မျိုး ဆောင်ရွက်တာ မတွေ့ရဘူးလို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်က ဖော်ပြထားပါတယ်။
အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဒီနှစ် ဆုံးဖြတ်ချက်ဟာ အရင်နှစ်တွေတုန်းကထက် ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဖော်ပြလာတယ်လို့ ပြောပါတယ်။
“ဒီဆုံးဖြတ်ချက်မှာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်၊ အထူးသဖြင့် international humanitarian law နဲ့ ပတ်သက်လို့ပေါ့နော်၊ ချိုးဖောက်မှုတွေ ရှိနေတဲ့ ကိစ္စကို သူတို့အနေနဲ့ ဒါ သိနေတယ်။ ဒါတွေကို ထိထိရောက်ရောက် နအဖအနေနဲ့ စုံစမ်း စစ်ဆေးပြီးတော့ အရေးယူမှုတွေ လုပ်သင့်တယ်၊ ဒါတွေကိုလည်းပဲ အရင် ဆုံးဖြတ်ချက်တွေမှာ အကြိမ်ပေါင်း တော်တော်များများ ပြောခဲ့ပြီးပြီ၊ ဒါပေမဲ့ လုပ်တာ မတွေ့တဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ စိတ်ပျက်တယ်ဆိုတဲ့ သဘောနဲ့ စုံစမ်းစစ်ဆေးရေး ကိစ္စတွေ၊ အရေးယူမှု ကိစ္စတွေကို အဓိက ဦးစာပေးပြီး လုပ်ဖို့၊ လိုအပ်မယ်ဆိုလို့ရှိရင် ကုလသမဂ္ဂရဲ့ ဒီ အကူအညီကို ယူပြီးတော့ လုပ်ဆောင်ဖို့ ဆိုပြီးတော့ ပြောသွားတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါက ဒီနှစ် ဆုံးဖြတ်ချက်ရဲ့ ထူးခြားချက်ပါ။”
ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုပေမဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။
ဒ့ါအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရ ကိုယ်တိုင်ကြပ်မတ် ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။