ကမ္ဘာတစ်ဝန်းက သတင်းသမားတွေ တရားမျှတမှုရဖို့ အမေရိကန်တောင်းဆို
နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ စာနယ်ဇင်းသမားတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေပပျောက်ရေးနေ့မှာ ကမ္ဘာတစ်ဝန်းက ရဲရင့်တဲ့စာနယ်ဇင်းသမားတွေအတွက် တရားမျှတမှုကိုရရှိဖို့ အမေရိကန်အနေနဲ့ ထပ်မံတောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ned Price က ပြောလိုက်ပါတယ်။
လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ စာနယ်ဇင်းတွေဟာ ဒီမိုကရေစီမြှင့်တင်ရေးကဏ္ဍမှာ အဓိကအခန်းကဏ္ဍကပါဝင်နေသလို ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတယ်လို့ သူကပြောပါတယ်။
စာနယ်ဇင်းသမားတွေဟာ လွတ်လပ်တဲ့သတင်းမီဒီယာရဲ့ အခြေခံဖြစ်ပြီး ပြည်သူလူထုကို အချက်အလက်တွေ ဖော်ထုတ်တင်ပြပေးရကြောင်းနဲ့ အစိုးရတွေကို သမာသမတ်ကျကျ၊ တာဝန်ရှိရှိဆောင်ရွက်အောင် စောင့်ကြည့်လုပ်ဆောင်ပေးရတာဖြစ်တယ်လို့ သူကပြောပါတယ်။
၁၉၉၂ ခုနှစ်ကစပြီး၊ သတင်းသမားတွေနဲ့ စာနယ်ဇင်းဝန်ထမ်းတွေ ၁၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး အများစုဟာ ဥပဒေကြောင်းအရ မဖြေရှင်းနိုင်ခဲ့ဘူးလို့ဆိုပါတယ်။
စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ကမ္ဘာတစ်ဝန်း စာနယ်ဇင်းသမား ၂၉၄ ဦး အကျဉ်းချခံခဲ့ရပါတယ်။ အမျိုးသမီး သတင်းထောက် ၇၃ ရာခိုင်နှုန်း ခြိမ်းခြောက်နှောက်ယှက်ခံခဲ့ရကြောင်း UNESCO က ပြောပါတယ်။