တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၁၈,၀၀၀ နီးပါးထပ်တိုးလာ

RFA Burmese
2023.10.12
တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၁၈,၀၀၀ နီးပါးထပ်တိုးလာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၈,၀၀၀ နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA- Myanmar) က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့အရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ကိုင်းနဲ့မကွေးတိုင်းမှာလည်း တိုက်ပွဲတွေကြောင့် လူဦးရေ ၁၃,၀၀၀ ခန့်ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အနီးအနားက သစ်တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြားအခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တင်ဘာ လကုန်ပိုင်းကစလို့ ကယားပြည်နယ်အတွင်းက အဓိကလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ရှမ်း-ကယား နယ်စပ်တစ်လျှောက်က ရွာတွေမှာ လူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပြတ်လပ်နေသလို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီဖို့ အဟန့်အတားဖြစ်နေတယ်လို့ UN-OCHA ကပြောပါတယ်။

ဒီနှစ် ပထမ နှစ်ဝက်အတွင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဒုက္ခသည် ၇၀၀,၀၀၀ ကို အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါးရှိလာပြီး အဲဒီအထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။