တရားမဝင် မြန်မာထုတ်ကုန်တွေ မစားကြဖို့ အမေရိကန် ထပ်မံသတိပေး
2024.10.25
မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကြက်သားအပါအဝင် အသားအမျိုးမျိုးပါတဲ့ ထုတ်ကုန်တွေကို မစားကြဖို့ အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေး ဝန်ဆောင်မှုဌာန (FSIS) က အောက်တိုဘာ ၂၄ ရက်မှာ ထပ်မံသတိပေးလိုက်ပါတယ်။
ဒီတစ်ခေါက် FSIS က ကြေညာလိုက်တဲ့ထုတ်ကုန်တွေဟာ Best တံဆိပ် အမဲသားဟင်း၊ ကြက်သားဒံပေါက်၊ မြန်မာဘဲသွေး၊ ထိမိဂွိ နဲ့ အိမ်ချက်တံဆိပ် မုန့်ဟင်းခါးအနှစ်၊ အုန်းနို့အနှစ်၊ မင်းသားကြီးတံဆိပ် ငါးခြောက်ထုပ် စတာတွေ ပါဝင်ပါတယ်။
ဒီထုတ်ကုန်တွေဟာ အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန အသိအမှတ်ပြု USDA အမှတ်အသားမပါသလို ပြည်သူ့ကျန်းမာရေးသတိပေးချက်တွေလည်း မရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံတွင်းကို ဒီထုတ်ကုန်တွေ ဘယ်လိုရောက်လာသလဲဆိုတာ ဆက်လက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံက အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ အိုင်အိုဝါ၊ ကန်းဆက်၊ မေရီလန်း၊ မင်နီဆိုးတား၊ နီဘရားစကား၊ အိုကလာဟိုးမားနဲ့ တက်က်ဆက်စ် စတဲ့ ပြည်နယ် ကိုးခုမှာ တင်သွင်းရောင်းချနေတာကို FSIS က စစ်ဆေးတွေ့ရှိခဲ့တာပါ။
FSIS က လက်လီရောင်းချတဲ့ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးစဉ်မှာ အမေရိကန်ကိုတင်ပို့ဖို့ အရည်အချင်းမပြည့်မီတဲ့ မြန်မာနိုင်ငံက တင်ပို့တဲ့ အသားနဲ့ ကြက်သား ထုတ်ကုန်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါတွေကို စားလို့ တစ်ခုခုဆိုးကျိုးဖြစ်တယ်ဆိုတဲ့ အတည်ပြုချက်တွေတော့ မရှိသေးပေမဲ့ ဖြစ်လာခဲ့ရင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ကြဖို့လည်း ရေးသားထားပါတယ်။
ဒီပစ္စည်းတွေ ဆက်မရောင်းဖို့ ဆိုင်ရှင်တွေကို တိုက်တွန်းထားပြီး ဝယ်ထားမိခဲ့ရင် လွှင့်ပစ်တာ ဒါမှမဟုတ် ဝယ်ခဲ့တဲ့ဆိုင်တွေကို ပြန်အပ်တာတွေလုပ်ကြဖို့လည်း ကြေညာထားပါတယ်။
သြဂုတ်လ ၁၆ ရက်ကလည်း အဖွားလက်ရာ စည်သွတ်ဘူးဟင်းလျာတွေ၊ စံပြဒေါ်ကြည်နဲ့ ထိမိဂွိ မုန့်ဟင်းခါးတို့ကို အမေရိကန်ရဲ့ အရောင်းဆိုင် စင်တွေပေါ်ကနေ ဖယ်ချဖို့ဆိုပြီး FSIS က သတိပေးခဲ့ပါတယ်။