စစ်ကောင်စီအတွက် လေယာဉ်ဆီဝယ်ပေးသူတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.03.24
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီအတွက် လေယာဉ်ဆီဝယ်ပေးသူတွေကို အမေရိကန်ပိတ်ဆို့အရေးယူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေးနေတဲ့ ဦးထွန်းမင်းလတ် အပါအဝင် လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီ ခြောက်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ဦးထွန်းမင်းလတ်နဲ့ ဇနီးဒေါ်ဝင်းမင်းစိုး၊ သူတို့ပိုင်ဆိုင်တဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ Star Sapphire ကုမ္ပဏီလုပ်ငန်းစု နှစ်ခု၊ စင်ကာပူနိုင်ငံမှာ ဖွင့်ထားတဲ့ Star Sapphire ကုမ္ပဏီတွေကိုလည်း ထည့်ထားပါတယ်။

ဒ့ါအပြင် စစ်ကောင်စီလေယာဉ်ဆီနဲ့ စက်ပစ္စည်းတွေရဖို့ အဓိကထောက်ပံ့ပေးနေတဲ့ Asia Sun ကုမ္ပဏီအုပ်စု၊ Asia Sun ထရိတ်ဒင်းကုမ္ပဏီ၊ တစ်နိုင်ငံလုံး အနှံမှာရှိတဲ့ စစ်ကောင်စီတပ်တွေဆီကို လေယာဉ်ဆီရောက်အောင် ကုန်တင်ကားတွေနဲ့ သယ်ပေးနေတဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။

5728f884-1640-4779-a941-5b58d1ab6aa6.jpeg
စစ်ကောင်စီ လက်နက်ပွဲစား ဦးထွန်းမင်းလတ် (Photo: Citizen Journalist)

မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မဲ့ တော်လှန်ရေးနေ့ (စစ်ကောင်စီအခေါ် တပ်မတော်နေ့)အတွက် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်နေချိန်မှာ အမေရိကန်အစိုးရက အခုလိုထပ်တိုးဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ်တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစပြီး မြန်မာစစ်တပ်ဟာ ကိုယ့်အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကျူးလွန်နေဆဲဖြစ်ပြီး၊ လေကြောင်းကနေ ဗုံးကြဲချနေတယ်လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းက လက်ယက်ကုန်းကျောင်းမှာ ကျောင်းသားတွေ၊ ဆရာဆရာမတွေ စာသင်နေချိန် စစ်တပ်က လေကြောင်းသုံးဗုံးကြဲသွားလို့ ကလေးတွေ သေဆုံးရတဲ့ဖြစ်ရပ်၊ ကချင်ပြည်နယ်က ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ လူအယောက် ၈ဝ လောက် သေဆုံးရတဲ့ ဖြစ်ရပ်ဆိုးတွေကို ထောက်ပြထားပါတယ်။

000_326Z3HV.jpg
၂ဝ၂၂ ခုနှစ် တော်လှန်ရေးနေ့ (စစ်ကောင်စီအခေါ် တပ်မတော်နေ့) (Photo: AFP)

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

အခုဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံထားရပါတယ်။

ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းထားပြီး အဲဒီထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ နဲ့ သမီး ဒေါ်ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။