အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု အမေရိကန် စိုးရိမ်

RFA Burmese
2023.05.09
အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု အမေရိကန် စိုးရိမ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အဆောက်အအုံအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: MANDEL NGAN / AFP

ရှမ်းပြည်နယ်ထဲမှာ အာဆီယံ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center) ရဲ့ ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သတင်းကြောင့် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၈ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မြေပြင်မှာ ကြီးမားတဲ့မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာစေတဲ့ စစ်အစိုးရရဲ့ အကြမ်းဖက်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုမှုတွေကြောင့် ရှမ်းပြည်နယ်မှာ အခုလိုတိုက်ခိုက်မှု ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

အကြမ်းဖက်မှုရပ်ဆိုင်းရေးနဲ့ အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက် ငါးချက်အောက်က ကတိကဝတ်တွေကိုလည်း စစ်အစိုးရက ဆက်လက်ဥပေက္ခာပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒကို လေးစားမှုရှိပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ ဒီယာဉ်တန်းတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာလို့ မနေ့ကညနေပိုင်း သူတို့လက်အောက်ခံ သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ ဖော်ပြတာမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သူတို့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောထားပါတယ်။

အာဆီယံအကူအညီပေးရေးအဖွဲ့ သံတမန်တွေလိုက်ပါလာတဲ့ယာဉ်တန်း ပစ်ခတ်တိုက်ခိုက် ခံရတဲ့ဖြစ်ရပ်ကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကန့်ကွက်ရှုတ်ချကြောင်း မေလ ၈ ရက်မှာ ထုတ်ပြန်ထား ပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အတိုင်း အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာ ဖို့လည်း စင်ကာပူအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ထပ်မံတိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။