အမေရိကန် သံရုံးတာဝန်ခံ မကွေးတိုင်း NLD ၊ NDF ပါတီများနှင့်တွေ့ဆုံ
2011.05.09
မစ္စတာ ဒင်းဂါး ဟာ ရန်ကုန်ကနေ ညောင်ဦးလေဆိပ်ကို မနက် ၈ နာရီက ရောက်ရှိလာပြီး ချောက်မြို့မှာ NLD အဖွဲ့ဝင်တွေနဲ့ အရင်ဆုံး တွေ့ဆုံပါတယ်။ အဲဒီနောက် ရေနံချောင်းမြို့က NLD နဲ့ NDF အဖွဲ့ဝင်တွေနဲ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီးတဲ့နောက် မကွေးမြို့ကို ထွက်ခွာသွားပြီး ညနေပိုင်းမှာ NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။
မစ္စတာ ဒင်းဂါး ရဲ့ မကွေးတိုင်းခရီးစဉ်ဟာ အချက်အလက် ရှာဖွေရေး ခရီးဖြစ်တယ်လို့ ရေနံချောင်း မြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဦးတင့်လွင်က ပြောပါတယ်။
“အချက်အလက် ရှာဖွေရေး ခရီးစဉ်ပါပဲ။ အဓိကကတော့ ဒီ အစိုးရအပေါ် သဘောထား ဘယ်လိုရှိသလဲပေါ့။ ဒီအစိုးရကို ကျွန်တော်တို့က အယုံအကြည် မရှိပေါ့နော်။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်မဲ့ မည်သည့်အစိုးရကိုမှ ကျွန်တော်တို့က လက်ခံမှာ မဟုတ်ဖူးလို့ အဲဒါ ကျွန်တော်တို့ ပြောဖြစ်တယ်ပေါ့။ ပြီးတော့ ဧရာဝတီတိုင်းမှာ သူတို့က အကူအညီတွေ အများကြီး ပေးခဲ့ပြီပေါ့။ ဒီအပူပိုင်းဒေသ မကွေးတိုင်းမှာ အကူအညီတွေ ပေးဖို့ သူတို့ လုပ်ဆောင်နေတယ်ပေါ့။ အဲဒါကို သူတို့ အဓိက ပြောတာပါ။ ဒီအကူအညီပေးရေးတွေပေါ့။”
NLD အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် မစ္စတာ ဒင်းဂါး ဟာ မွန်းလွဲ ၂ နာရီမှာ ရေနံချောင်းမြို့မှာပဲ NDF အဖွဲ့ဝင်တွေနဲ့ နောက် တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မကွေးတိုင်း NDF စည်းရုံးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဖေက ပြောပါတယ်။
“ကျွန်တော်တို့ကို သူတို့က ဘာမေးချင်လဲ ပြောပါတယ်။ အဖွဲ့ဝင်တွေကလည်းပဲ ကျွန်တော်တို့ NDF ကနေ ရွေးကောက်ပွဲ ဝင်တဲ့ လမ်းကြောင်း ရွေးတာ ဘာကြောင့် ရွေးသလဲဆိုတာ ရှင်းပြတယ်။ နောက်တခုကတော့ အထူးသဖြင့် sanction နဲ့ ပတ်သက်လို့ ကျွန်တော်တို့ NDF ရဲ့ ပါတီ ဗဟိုအတိုင်းပဲ၊ ဒါကို ကျွန်တော်တို့ ပြန်စဉ်းစားပြီး တင်ပြတာ ရှိတယ်။ သူကလည်း သူ့ဖက်က အစိုးရပေါ်လစီနဲ့ သူပြန်ချည်တာ ရှိပါတယ်။”
“နောက်တခုကတော့ ကျွန်တော်တို့က မကွေးတိုင်းဟာ ဆင်းရဲတဲ့တိုင်း ဖြစ်တဲ့အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကျွန်တော်တို့ ရွေးတာ ရှိပါတယ် အဖွဲ့ဝင်တွေက။ သူတို့လည်းပဲ ဒါကို grassroot level အထိပေါ့၊ ဘယ်လို ကူညီရမလဲဆိုတာကို သူတို့က စဉ်းစားဖို့အတွက် လာ ဆာဗေးလုပ်တာပါ။ နောက်လည်း ဒါ ကြုံရင် ခဏခဏ လာပါမယ်လို့ ပြောပါတယ်။”
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တာ မရှိပဲ တခြားနိုင်ငံတွေက ရင်းနှီး လုပ်ကိုင်တဲ့အတွက် အလုပ်သမားတွေ အခွင့်အရေး နစ်နာ ဆုံးရှုံးရတာတွေ ရှိပြီး စီးပွားရေး ပိတ်ဆို့မှုဟာ အာဏာပိုင်တွေကို မထိခိုက်ပဲ ပြည်သူတွေပဲ ထိခိုက်တယ်လို့ NDF က ထောက်ပြခဲ့ကြောင်း၊ ဒါပေမဲ့ မစ္စတာ ဒင်းဂါးကတော့ မြန်မာပြည် စီးပွားရေး ချွတ်ခြုံကျ ရတာဟာ အနောက်နိုင်ငံတွေက စီးပွားရေးအရ အရေးယူ ပိတ်ဆို့တဲ့ အကြောင်းသက်သက်ကြောင့် မဟုတ်ကြောင်း NDF ကို ပြောကြားခဲ့တယ်လို့ ဦးမြင့်ဖေက ပြောပါတယ်။
မကွေးတိုင်းမှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို မစ္စတာ ဒင်းဂါးက အမေရိကန်အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီကို တင်ပြမယ်လို့လည်း သိရပါတယ်။