ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

RFA Burmese
2023.06.21
ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Reuters

မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တာပါ။

စစ်ကောင်စီထံ နိုင်ငံခြားငွေစီးဆင်းမှုမှာ ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုက အဓိကကျဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ရုရှားအပါအဝင် နိုင်ငံတကာကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး၊ ငွေပေးချေရေးကိစ္စတွေအတွက် ဒီဘဏ်တွေကိုသုံးနေတယ်လို့ အမေရိကန် ဒုတိယလက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဘရိုင်ရန် အီးနယ်လဆင်က ပြောပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းကစလို့ အခုအချိန်ထိ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေဆဲပဲလို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူ ၃၆ဝဝ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေ၊ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း တစ်သန်းခွဲလောက် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ပြောထားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ရှိတာကြောင့် ဒဏ်ခတ်ပိတ်ဆို့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှားအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေကနေ အမေရိကန် တစ်ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်တွေ တင်သွင်းခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။