မြန်မာလူငယ် တစ်ထောင်ကျော်ကို အမေရိကန်က ပညာသင်ဆုပေးမည်
2024.02.29
ဒေသတွင်းနိုင်ငံတွေက အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာကျောင်းသူ၊ ကျောင်းသား တစ်ထောင်ကျော်ကို ပညာသင်ဆုပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ငါးနှစ်စီမံကိန်းဖြစ်တဲ့ အဲဒီပညာသင်ဆုအစီအစဉ်ဟာ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင့်မြင့်တက္ကသိုလ်တွေက ပေးတဲ့ဘွဲ့အပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က အွန်လိုင်းဘာသာရပ်တွေကိုလည်း သင်ကြားခွင့်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ပညာသင်ဆုအစီအစဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေဟာ အနာဂတ်မဲ့နေတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး အဲဒီအခြေအနေကို ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်(Susan Stevenson) က ပြောပါတယ်။
"နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတာကြောင့် အခုပညာသင်ဆုအစီအစဉ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်"
ဒီပညာသင်ဆုဟာ လူငယ်တွေကို ဦးစားပေး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ မျိုးဆက်သစ်လူငယ်တွေကို အဆင့်မြင့်ပညာရေးနဲ့ စွမ်းအားမြှင့်တင်သွားဖို့ ရည်ရွယ်တဲ့အစီအစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို အဆင့်ဆင့် ဖွဲ့စည်းလာတာကြောင့် အဓမ္မ စစ်ထဲသွတ်သွင်းတာကို မခံလိုတဲ့ လူငယ်တွေဟာ ဖေဖော်ဝါရီလကတည်းက ပြည်ပကို ထွက်ခွာဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်။