RFA သတင်းထောက် မစိုးစိုးထက် David Burke ဆုရရှိ
2021.12.16
အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ သတင်းမီဒီယာအေဂျင်စီ (USAGM) က စွမ်းဆောင်ရည်ရှိတဲ့ သတင်းထောက်တွေ ကို နှစ်စဉ်ချီးမြှင့်တဲ့ DAVID BURKE ဆုကို ဒီနှစ်အတွက် RFA သတင်းထောက် မစိုးစိုးထက် ရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ဒီနှစ်အတွက် ဆုပေးပွဲကို မနေ့က၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ ဒီနှစ် ဆုပေးပွဲဟာ အကြိမ် ၂၀ မြောက် ဆုပေးပွဲဖြစ်ပါတယ်။
ဆုရရှိသူတွေဟာ USAGM နဲ့ အေဂျင်စီရဲ့ သတင်းစာပညာကို အကောင်းဆုံးကို ကိုယ်စားပြုခဲ့ကြတယ်လို့ USAGM ရဲ့ ခေတ္တအမှုဆောင်အရာရှိချုပ် ‘ကလူ ချောင် (Kalu Chao)’ က ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဆုရ သတင်းထောက်တွေရဲ့ စွမ်းဆောင်နိုင်မှုဟာ ဒီကနေ့ ကမ္ဘာလုံးဆိုင်ရာမီဒီယာရဲ့ အဖြစ်မှန်တွေနဲ့ သတင်းလွတ်လပ်ခွင့်အရေးပါမှုရဲ့ ပြတင်းပေါက်တစ်ခု ဖြစ်ကြောင်းနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးရာမှာ သူတို့ရဲ့ ထူးချွန်မှုဟာ အားလုံးအတွက် စံနမူနာဖြစ်ပါတယ်လို့လည်း မစ္စချောင်က ပြောပါတယ်။
လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ဥက္ကဋ္ဌ ဘေး ဖန်း (Bay Fang) ကလည်း မစိုးစိုးထက် ဆုရရှိမှုနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"RFA မြန်မာဌာနက သတင်းထောက် မစိုးစိုးထက်ဟာ အဖမ်းအဆီးခံရနိုင်တဲ့ အရေးပေါ် အခြေအနေ ထဲမှာတောင် သတ္တိရှိရှိ သတင်းတင်ဆက်ပြီး မြန်မာ ပရိသတ်တွေကို သတင်းမှန်တွေကို သိရှိစေခဲ့ပါတယ်။ မြန်မာ စစ်တပ်က ဒေသတွင်းသတင်းဌာနတွေကို ဖိနှိပ်ပြီး သတင်းအမှောင်ချဖို့ကြိုးစားနေချိန်အတွင်းမှာပဲ အသက် အန္တရာယ်ကြားကနေ မစိုးစိုးထက်ဟာ ဝေးလံခေါင်ဖျားပြီး စစ်တပ်နဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေရဲ့ တိုက်ပွဲတွေ မပြတ်ဖြစ်ပွားနေတဲ့ ကယားပြည်နယ်အရှေ့ပိုင်းကနေ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ရိုက်ကူးတင်ဆက်ပေးခဲ့ပါတယ်"
မစိုးစိုးထက်ဟာ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲသတင်းတွေ၊ ကယားပြည်နယ်ထဲက စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့အခြေအနေတွေကိုတင်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက် ပြီးနောက် သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပါတယ်။ မေလမှာတော့ မစိုးစိုးထက်ရဲ့ ကယားပြည်နယ်ထဲကအိမ်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးခံရမှုကလွတ်အောင် မစိုးစိုးထက်တို့ မိသားစုဟာ သုံးနှစ်အရွယ် သမီးလေးနဲ့အတူ တောလမ်းကို နှစ်ပတ်ကြာ ဖြတ်သန်းပြီး ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်း တစ်ခုဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
"ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းရောက်ချိန်မှာလည်း မစိုးစိုးထက်ဟာ သူ့မှာကျန်ရှိတဲ့ လက်ကိုင်ဖုန်းလေးနဲ့ ဒေသတွင်းက လတ်တလော အခြေအနေတွေကို သတင်းဗီဒီယိုတွေရိုက်ပြီး သတင်းတွေ ဆက်ပို့ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းအလုပ်လုပ်ရတာဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ သတင်းပို့ရတာဟာ ပိုစွန့်စားရပြီး၊ တခါတလေမှာ သတင်းပို့လို့မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒီလို အနေအထားမျိုးမှာ စိုးစိုးထက်ဟာ သူ့အလုပ်ကို မမောမပန်းနဲ့ တာဝန်ကျေအောင် ဆက်လုပ်ပြီး နိုင်ငံတွင်းမှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာ သူ့ပြည်သူတွေသိရအောင် RFA မြန်မာဌာနအတွက် သတင်းတွေ ဆက်တိုက်ပို့ခဲ့ပါတယ်။ မစိုးစိုးထက်ဟာ ဒီဆုနဲ့ အလွန်ထိုက်တန်သူ ဖြစ်ပါတယ်"
ဆုရရှိသူ မစိုးစိုးထက်ကလည်း နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ တိုင်းရင်းသားနယ်မြေတွေအတွင်းက ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ရတာတွေကို နိုင်ငံတကာသိအောင် ထုတ်ဖော် သတင်းပို့နိုင်ခဲ့တဲ့အတွက် RFA သတင်းဌာနနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်လို့ ပြည်သူပြည်သားတွေ အားလုံးကို စစ်ကောင်စီက သတင်းအမှောင်ချထားတယ်။ လွတ်လပ်တဲ့သတင်းဌာနတွေကို တားဆီးပိတ်ပင်ထားတယ်။ လက်တွေ့ မြေပြင်မှာ ပြည်သူတွေကြုံတွေ့နေရတဲ့ သတင်းအမှန်တွေကို ထုတ်ဖော်ရေးသားပေးနေတဲ့ သတင်းထောက်တွေကိုလည်း လိုက်လံဖမ်းဆီး၊ ထောင်ချ၊ အရေးယူနေတယ်။ အခုလို ပြည်သူတွေရော သတင်းသမားတွေရော ပြေးလွှားနေရတဲ့အချိန်မှာ တွေ့မြင်နေရတာကတော့ မပျော်ရွှင်နိုင်ပါဘူး။ ကျမတို့တိုင်းရင်းသားဒေသမှာဆိုရင် စစ်ကောင်စီ ကို တိုက်ခိုက်တွန်းလှန်ခဲ့တာဆိုရင် နှစ်ပေါင်း ၇၀ ကြာခဲ့ပြီမို့လို့ ဒေသခံ တိုင်းရင်းသားပြည်သူတွေ အကုန်လုံးက ခုချိန်ထိ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရ ပါသေးတယ်။ ဒီလိုသတင်းတွေ၊ တိုင်းရင်းသားဒေသက အခက်အခဲတွေကို နိုင်ငံတကာက သိမြင်အောင် ရေးသားထုတ်ဖော်တင်ပြခွင့်ပေးတဲ့ RFA က သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ သတင်းအယ်ဒီတာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်"
USAGM ရဲ့ အကြိမ် ၂၀ မြောက်ဆုပေးပွဲမှာ အမေရိကန်အသံ (VOA)၊ Radio Free Europe/Radio Liberty (RFE/RL)၊ Cuba Broadcasting Office (OCB)၊ Radio Free Asia (RFA) နှင့် အရှေ့အလယ်ပိုင်းအသံလွှင့် ကွန်ရက် (MBN) တို့က သတင်းထောက်တွေရရှိခဲ့ပါတယ်။
USAGM ဟာ VOA အမေရိကန်အသံနဲ့ လွတ်လပ်တဲ့အာရှအသံ RFA အပါအဝင် နိုင်ငံတကာအသံလွှင့် လုပ်ငန်း ကွန်ရက် ၅ ခုကို ကြီးကြပ်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။
RFA မြန်မာဌာနဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သတင်းမှန်တွေ စွမ်းစွမ်းတမံ တင်ပြပေး နိုင်ခဲ့မှုအတွက် ၂၀၀၈ ခုနှစ်မှာ ဒီဆုကိုရခဲ့ဖူးသလို၊ ၂၀၁၄ ခုနှစ်မှာ RFA မြန်မာဌာနကသတင်းထောက် ကိုမိုးသူအောင် (ကွယ်လွန်) နဲ့၊ ၂၀၁၈ ခုနှစ်မှာ RFA ရဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းထောက် ကိုကံသာ တို့ ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် RFA မြန်မာဌာနအနေနဲ့ DAVID BURKE ဆုကို ဒီနှစ်မှာ စတုတ္တအကြိမ်မြောက် ရရှိတာဖြစ်ပါတယ်။