USDP ပါတီ တင်သွင်းတဲ့ အသေးစားချေးငွေ အတိုးလျှော့ချရေးအဆို မအောင်မြင်
2020.08.27
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ “အခုလို ကပ်ရောဂါကာလမှာ အသေးစား ချေးငွေလုပ်ငန်း Micro Finance ကုမ္ပဏီတွေကနေ ငွေချေးထားသူတွေအတွက် ပြန်ဆပ်ရမဲ့ငွေကို၊ ကာလတစ်ခုအထိ ဆိုင်းငံ့ ထားဖို့နဲ့ အတိုးနှုန်းကင်းလွတ်ခွင့် လျှော့ချခွင့်တွေပေးရေးအဆို” ကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ် ရာမှာ ထောက်ခံမဲနည်းတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော် ကိုယ်စားလှယ်တချို့က အဆိုကို အတည်ပြုဖို့ မတ်တပ်ရပ်ပြီး ထောက်ခံမဲပေးခဲ့ပေမယ့် ထောက်ခံသူက ၁၂၅ ဦးနဲ့ ကန့်ကွက်သူက ၂၂၀ ဦး ရှိခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ကပ်ရောဂါကာလမှာ အခြေခံ လူတန်းစား ပြည်သူတွေအတွက် ချေးငွေတွေ အချိန်မှီ ပြန်ဆပ်နိုင်ဖို့ကိစ္စဟာ၊ ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
"ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်စက်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းများရှိခဲ့ပြီး အခုအချိန်အထိလည်း ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ စက်ရုံအလုပ်ရုံပေါင်းများစွာရှိနေပါတယ်။ အခုလိုအချိန်မှာ အခြေခံလူတန်းစားများ လက်လုပ်လက်စားသမားများမှာ လက်တလောမှာ ငွေကြေးရှာဖွေရန် ခက်ခဲမှုများ လည်း ရှိနေကြပါတယ်။ ဒါကြောင့်မလို့ အလုပ်သမားများ ပြည်သူများအနေနဲ့ ငွေကြေးချေးယူထားတဲ့ ကုမ္ပဏီများသို့ ပြန်ဆပ်ဖို့ဆိုလို့ရှိရင် အချိန်အတိုင်းအတာတစ်ခု လိုအပ်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများ လွှတ်တော်ကော်မတီများနှင့် Micro Finance လုပ်ကိုင်နေကြသော ကုမ္ပဏီများနှင့် စနစ်တကျ တွေ့ဆုံဆွေးနွေးမူများ လုပ်ဆောင်ပြီး ဆောင်ရွက်သင့်ပါတယ်။"
ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ် ခြောက်ဦးထဲမှာ တပ်မတော်သားကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေသာ ပါဝင်ပြီး အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေနဲ့ တခြား တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။
ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက အစိုးရက ဒီကာလမှာ ချေးငွေကောက်ယူတာကို ဆိုင်းငံ့ဖို့ ညွှန်ကြား ချက်တွေ ထုတ်ထားပေမယ့် တကယ့် အခြေအနေမှာတော့ ကုမ္ပဏီတချို့က ချေးငွေတွေကို ပြန်လည်တောင်း ယူနေတာတွေရှိတယ်၊ အစိုးရက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ငွေချေးပေမယ့် ရသင့်ပေမယ့် မရတဲ့သူတွေ၊ စည်းကမ်းချက်တွေများလို့ အချိန်အတော်ကြာ စောင့်ဆိုင်းရတဲ့ အားနည်းချက်တွေရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဒုတိယလှိုင်းက အစပြုနေတာကို မြင်တွေ့နေရသလို ကုန်ဈေး နှုန်းကလည်း တိုးမြင့်လာနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။
စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဒေါက်တာမောင်သင်း တင်ပြတဲ့ အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
"လိုအပ်တဲ့ ရင်းနှီးငွေတွေကို သူတို့ရဲ့ ကိုယ်ပိုင်မတည်ရင်းနှီးငွေများနဲ့ ငွေကြေးဝန်ဆောင်မူလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းအရ သူတို့နဲ့ ငွေးချေးယူတဲ့သူတွေကြားမှာ သဘောတူထားတဲ့ ချေးငွေစနစ်၊ ချေးငွေသက်တမ်းကာလ အတိုးနှုန်းသတ်မှတ် ချက် စသည်များကို အစိုးရအနေနဲ့ တိုက်ရိုက်ဝင်ရောက်စွတ်ဖက်ရန် မသင့်လျော်ပါ။ ချေးငွေလျှော်ပစ်တာ အတိုးလျော့ပေါ့တာ စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး အသေးစား ငွေကြေးအဖွဲ့အစည်းများရဲ့ ဆုံးဖြတ်လုပ်ပိုင် ခွင့်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အဆိုရှင်ရဲ့ အဆိုကို မှတ်တမ်းအဖြစ်ထားရှိသင့်ပါကြောင်း ဥက္ကဋ္ဌကြီးမှတဆင့် လေးစားစွာ တင်ပြအပ်ပါတယ်။"
အစိုးရအနေနဲ့ အတိုးနှုန်းတွေကို လျှော်ပစ်ဖို့ အပါအဝင် ဒီအခြေအနေအပေါ် တိုက်ရိုက်ဝင်စွက်ဖို့ မသင့်တော် တဲ့အတွက် ချေးငွေတွေကို အတင်းအကျပ် ပြန်မကောက်ဖို့နဲ့ ညှိုနှိုင်းဆောင်ရွက်ပြီး ဆိုင်းငံ့ထားဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့လည်း ဒုဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး ကတော့ ဒီကာလမျိုးမှာ အခြေခံလူတန်းစားတွေအတွက် ချေးငွေ ပြန်ဆပ်မယ့်ကာလကို ဆိုင်းငံ့ပေးသင့်တယ်လို့ RFA ကို ပြောပါတယ်။
"SME တွေနဲ့ အကြီးစားငွေချေးတဲ့ ဘဏ်တွေကနေ ငွေချေးတဲ့သူတွေကိုတောင်မှ ကျတော်တို့ ခုနောက်ဆုံး ပိတ် နိုင်ငံတော်က ဆုံးဖြတ်ပေးလိုက်တဲ့ CERB ကုစားရေး အစီအစဉ်မှာ ဒီချေးငွေတွေကို ရက်ရွှေ့ဆိုင်းပေး ဖို့ဆိုတဲ့ ပြန်ဆပ်ကာလကို ဆိုင်းငံ့ကာလကို တိုးမြှင့်ပေးဖို့ဆိုပြီးတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ အဲတော့ အသေးစား ငွေစုငွေချေးတွေ ဆိုရင်တော့ ဒီကိစ္စက အင်မတန်မှ အရေးကြီးသလို အဲဒီလုပ်ငန်းတွေအပေါ် မှီခိုနေရတဲ့ လက်လုပ်လက်စား အခြေခံပြည်သူတွေအတွက်က ဒီလို အချိန် ဆိုင်းငံ့ကာလရခဲ့မယ်ဆိုရင် သူတို့အတွက် အင်မတန်မှ အသက်ရှူပေါက်ရမှာ ဖြစ်ပါတယ်။"
ဒါ့အပြင် တစ်နိုင်ငံလုံးရဲ့ ငွေကြေးကဏ္ဍနဲ့ သက်ဆိုင်လာတဲ့ ဒီကပ်ရောဂါကာလမှာ အစိုးရအနေနဲ့ ပိုမို ပါဝင်ဆောင်ရွက်ပေးဖို့နဲ့ တာဝန်ယူပေးဖို့ လိုနေပြီလို့လည်း ဒေါက်တာ ဇော်ဦးက အကြံပြုသွားပါတယ်။
စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကတော့ အသေးစား အလတ်စား ငွေကြေးလုပ်ငန်းတွေအတွက် သက်သာတဲ့အတိုးနှုန်းနဲ့ ကာလတိုချေးငွေ သုံးနှစ်အတွက်၊ ငွေကျပ် ၁၀၀ ဘီလီယံ ကို အစိုးရက ထုတ်ချေးပေးထားကြောင်ပြောပါတယ်။
ကပ်ရောဂါကာလအတွင်း အများဆုံးထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းနဲ့ အသေးစားလုပ်ငန်းတွေ ပါဝင်ပါတယ်။