နေပြည်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များကို ဝါးချွန်လက်နက်များထုတ်ပေး

RFA Burmese
2023.03.02
နေပြည်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များကို ဝါးချွန်လက်နက်များထုတ်ပေး နေပြည်တော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် လက်နက်တပ်ဆင်ပေးအပ်ပွဲမှာ ပါတီဝင်များအား ဝါးချွန်လက်နက်များ ပေးအပ်နေစဉ်။
MNP

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ လက်နက်တပ်ဆင်ပေးအပ်ပွဲမှာ ပါတီဝင် ၃၀၀ ကို ဝါးချွန်လက်နက် တွေ ထုတ်ပေးခဲ့တာ မှန်ကန်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က RFA ကို ဒီနေ့ပြောပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေအရ ပါတီဝင်တွေဟာ စစ်ပညာသင်ကြားပေးဖို့နဲ့ လက်နက်ထုတ် ပေးဖို့ တောင်းဆိုတဲ့အတွက် ဝါးရင်းတုတ်နဲ့ ဝါးချွန်တွေ ထုတ်ပေးခဲ့ရတာလို့ ဦးမြင့်လှိုင်က ပြောပါတယ်။

“လူငယ်လူရွယ်တွေဆိုတော့ စိတ်ခံစားမှုအရ ကလေးတွေက သူတို့ စစ်ပညာ သင်ချင် တယ်။ ယူနီဖောင်း ပေးနိုင်မလား ဆိုပြီးတော့ တောင်းဆိုကြတယ်။ သူတို့မှာလည်း စိုးရိမ်စိတ်တွေလည်း ရှိပါလိမ့်မယ်။ နိုင်ငံတော်ကနေမှ လက်နက်ကိုင်ဆောင်ခွင့်တို့ ဘာတို့ ဥပဒေပြဋ္ဌာန်းတယ်မလား။ ဒါပေမဲ့ ဘယ်သူက ဝယ်ကိုင်နိုင်မှာလဲ။ အဲဒါကြောင့် မင်းတို့ ဘာမှ မရှိရင် ဝါးရင်းတုတ် ကိုင်ထားဆိုတဲ့သဘောပါပဲ။ တခြား ရည်ရွယ်ချက် တော့ ကျနော့်မှာ မရှိပါဘူး”

အဲဒီ အခမ်းအနားကို ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်နဲ့ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးလှဆွေတို့ တက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်အထိ နိုင်ငံတစ်ဝန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်နဲ့ ပါတီကို ထောက်ခံသူ ပေါင်း နှစ်ထောင်ကျော် အသတ်ခံခဲ့ရတယ်လို့လည်း ဦးမြင့်လှိုင်က ပြောပါတယ်။

နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှဆွေကတော့ အခုလို ဝါးချွန်လက်နက် ထုတ်ပေးတာဟာ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အခွင့်အရေးအရ တပ်ဆင် တာလို့ ပြောပါတယ်။

“ဦးမြင့်လှိုင်ရဲ့သဘောကတော့ တပ်က ပြည်သူ့စစ်ဖွဲ့ရင် အဆင်သင့်ဖြစ်အောင်လို့ ဖွဲ့ထားတဲ့ သဘောပဲ။ အသေးစိတ်ကတော့ သူ့ကိုပဲ မေးပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် သဘောဆောင်တယ်လို့လည်း ပြောလို့ရတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD ပါတီကို ထောက်ခံတဲ့သူတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူတွေကြားမှာ အပြန်အလှန် သတ်ဖြတ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ အားကောင်းတဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတချို့နေရာတွေမှာလည်း NLD ပါတီဝင်တွေနဲ့ NLD ပါတီထောက်ခံသူတွေ မိသားစုလိုက် အသတ်ခံရတာ၊ အသတ်ခံရပြီးနောက် သွေးသောက်လို့ ရေးထားတဲ့ တံဆိပ် ချိတ်ဆွဲခံရတာ၊ ခေါင်းဖြတ် အသတ်ခံရတာတွေအထိ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှာ CDM အလယ်တန်းပြ ကျောင်း ဆရာ ဦးဝင်းစိုးရဲ့ မိသားစုဝင် ငါးဦး အသတ်ခံခဲ့ရပြီး အခုချိန်အထိ ဘယ်အဖွဲ့အစည်းကမှ သူတို့ လက်ချက်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အာဏာသိမ်းစစ်ကောင်စီက အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီမူကြောင့် နိုင်ငံတစ်ဝန်းမှာ သွေးထွက်သံယိုမှုတွေ ပိုများလာနိုင်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ထောက်ပြထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။