ကရင်လူငယ်ပစ်သတ်ခံရမှု တရားမျှတမှုရဖို့ ကရင်လူမှုအဖွဲ့အစည်း တောင်းဆို
2024.07.03
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ် မောင်ညမွှေးအတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားမျှတမှုရအောင် တောင်းဆိုသွားမယ်လို့ ယူတီကာမြို့မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေက RFA ကို ပြောပါတယ်။
ဇွန်လ ၂၈ ရက်နေ့ညက ယူတီကာမြို့မှာ လမ်းလျှောက်သွားနေတဲ့ မောင်ညမွှေးကို ရဲတပ်ဖွဲ့က တားမြစ်စစ်ဆေးစဉ် ထွက်ပြေးတာကြောင့် ဖမ်းဆီးချုပ်နှောင်ရင်း ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ပစ်ခတ်ခံရပြီး မောင်ညမွှေး သေဆုံးခဲ့တာပါ။
ယူတီတာမြို့ ကရင်လူမှုအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ စောဒန်နီရယ်က “ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ကို ရဲ သုံးယောက်က ထိုးကြိတ်ပြီးတော့ ဒီလိုပစ်ခတ်ခဲ့တာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ကြသလို ဒေါသလည်းထွက်တယ်။ ဒါကြောင့် မြို့တော်ဝန်နဲ့ ရဲတပ်ဖွဲ့ကို တောင်းဆိုချင်တာက ဒီကိစ္စကို ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ ပြီးတော့ ပြစ်မှုကျူးလွန်တဲ့ရဲတွေကို တရားဥပဒေအရ ပြစ်ဒဏ်တွေချမှတ်ပေးဖို့ပါ” လို့ ပြောပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ယူနီကာမြို့တော်ဝန်နဲ့ မြို့ခံတွေ ဇွန်လ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပေမဲ့ မြို့ခံတွေကျေနပ်လောက်တဲ့ ဖြေရှင်းမှုတော့ မရခဲ့ဘူးလို့လည်း ပြောပါတယ်။
ယူတီကာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ မောင်ညမွှေးလက်ထဲမှာ သေနတ်တွေ့ရှိတာကြောင့် ပစ်ခတ်လိုက်တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြို့ခံတွေကို ရှင်းပြခဲ့ပြီး နောက်ပိုင်း အဲဒီသေနတ်ဟာ သေနတ်အစစ်မဟုတ်ဘဲ အစစ်နီးပါးတူတဲ့ Glock 17 Gen 5 ပြောင်းတိုလေသေနတ်အမျိုးအစားဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မောင်ညမွှေးကို ပစ်ခတ်တဲ့ ရဲနဲ့ ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲအရာရှိတွေကို တာဝန်ကနေ ယာယီရပ်နားထားကြောင်းနဲ့ ဒီအမှုကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတယ်လို့ သိရကြောင်းလည်း စောဒန်နီရယ်က ပြောပါတယ်။
မောင်ညမွှေးဟာ ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို သူတို့မိသားစု ရောက်လာတာ ကိုးနှစ်ဝန်းကျင်ရှိပါပြီ။ အသက် ၁၃ နှစ်အရွယ် မောင်ညမွှေးဟာ ပြီးခဲ့တဲ့ ဇွန်လကမှ ရှစ်တန်းအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။