ကုန်ပစ္စည်းတွေ စျေးတင်ရောင်းရင် အရေးယူမယ်လို့ UWSA ထုတ်ပြန်
2024.10.28
ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်၊ ပန်လုံနဲ့ နမ့်တစ်မြို့တွေ အပါအဝင် UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းမှာ ကုန်ပစ္စည်းတွေ စျေးတင်ရောင်းရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ “ဝ” ဗဟိုအစိုးရ အာဏာပိုင်တွေက အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံဘက်က “ဝ” ဒေသကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ပိတ်ပင်လိုက်ပြီးတဲ့နောက် ဒေသတွင်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေချိန်မှာပဲ အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
“ဝ” အာဏာပိုင်တွေအနေနဲ့ ဒေသတွင်းမှာရှိတဲ့ လူထုစားဝတ်နေရေး အဆင်ပြေစေဖို့ ကုန်ပစ္စည်းတွေ ရရှိရေး၊ ကန့်သတ်ချက်တွေ လျှော့ချရေးနဲ့ ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းရောင်းချမှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး ကုန်ပစ္စည်းတွေ မရောင်းချဘဲ သိုလှောင်သိမ်းဆည်းထားတာ၊ စျေးလိမ်ရောင်းချတာတွေကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ “ဝ” အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံထဲက စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်း တင်ပို့မှုတွေကို ရပ်ထားပေမဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ ပုံမှန်အတိုင်းဝင်ရောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ သြဂုတ်လကတည်းက UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ နမ့်တစ်-မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာပါ။
ဒါဟာ “ဝ” ဒေသနဲ့ ဆက်စပ်နေတဲ့ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်တဲ့ဒေသတွေကို ကုန်ပစ္စည်းတွေ မရောက်အောင် တရုတ်နိုင်ငံဘက်က ကန့်သတ်ထားတာလို့ “ဝ” ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ပိုင်းမှာတော့ “ဝ” ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ် အားလုံးနီးပါးမှာ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနဲ့ စားသောက်ကုန် သယ်ယူခွင့်တွေကို တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်တာကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေသက မြို့တွေမှာ စက်သုံးဆီနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ပိတ်ပင်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။