ထိုင်းနယ်စပ်က တပ်စခန်းတွေ ဆုတ်ခွာဖို့ မရှိသေးကြောင်း UWSA ပြော

RFA Burmese
2024.12.16
ထိုင်းနယ်စပ်က တပ်စခန်းတွေ ဆုတ်ခွာဖို့ မရှိသေးကြောင်း UWSA ပြော “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်အနီးက “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တပ်စခန်း ကိုးခု ပြန်ဆုတ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း UWSA “ဝ” တပ်ဖွဲ့က RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ထိုင်းနယ်စပ်က တပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ “ဝ” တပ်ဖွဲ့ဘက်က သဘောတူထားပြီး သုံးလအချိန်ပေးဖို့ ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနတချို့မှာ ဒီရက်ပိုင်းဖော်ပြနေတာနဲ့ပတ်သက်လို့ UWSA "ဝ" တပ်ဖွဲ့ ပြင်ပ ဆက်ဆံရေးဌာန လားရှိုးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့တာပါ။

"သတင်းတွေမှာ ပြောနေသလို အခုရက်ပိုင်း ထိုင်းနိုင်ငံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတယ်ဆိုတာမရှိသလို တပ်စခန်းတွေ ဆုတ်ခွာပေးမယ်ဆိုတာတွေလည်း မရှိပါဘူး"

UWSA အနေနဲ့ ထိုင်းစစ်တပ်နဲ့ ရန်သူတွေ မဟုတ်သလို တိုက်ခိုက်မှာမဟုတ်ဘူးလို့လည်း UWSA ရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်း မြို့နယ်တွေကို “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသလို့ UWSA “ဝ” တပ်ဖွဲ့က သတ်မှတ်ထားတာပါ။

၁၉၈၉ ခုနှစ် နောက်ပိုင်းကစလို့ ထိုင်းနယ်စပ်မှာ “ဝ” တပ်ဖွဲ့စခန်းတွေ အခြေချခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း အဲဒီတပ်စခန်းတွေ ဖယ်ရှားပေးဖို့ မကြာခဏဆိုသလို တောင်းဆိုနေတာပါ။

နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အဲဒီတပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ UWSA ကတော့ ဒီကိစ္စဟာ နှစ်နိုင်ငံ ညှိနှိုင်းရမဲ့ကိစ္စလို့ တုံ့ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ စစ်ကောင်စီရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဦးဆောင်တဲ့အဖွဲ့ဟာ နယ်မြေအငြင်းပွားနေတဲ့ နယ်စပ်အနီး သွားရောက်ကြည့်ရှုခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး UWSA ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ဘက်က ကူညီခဲ့တာမရှိဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။